စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဒီးမော့ဆို Local PDF ထံ အလင်းဝင်
- BVJ
- Apr 26
- 1 min read
BVJ/ဇော်_ဧပြီ ၂၆ ၊ ၂၀၂၅

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီမော့ဆို (DMO Local PDF) ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဒီနေ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
DMO Local PDF ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးဟာ သူတို့နဲ့အတူ MA 1 သေနတ် (၅) လက်၊ MA 1 ကျည် (၄၅၅) တောင့်၊ ကျည်ဘောက် (၁၆) ခု၊ လက်ပစ်ဗုံး (၄)လုံး၊ 14 မိုင်း (၃) လုံး၊ ကျည်ကာ (၄)ထည်၊ အိုင်ကွန် (၁) လုံ၊ ဖုန်း (၇)လုံးယူဆောင်လာပြီး ဧပြီ ၁၆ ရက်မှာ အလင်းဝင်လာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့တပ်သားတွေကို ဒီးမော့ဆို PDF က ထောက်ပံ့ငွေကျပ် ၆၅ သိန်းပေးခဲ့ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ အလင်းဝင်လာသူ ၆ ဦးရဲ့ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး DMO Local PDF ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
DMO Local PDF တပ်ဖွဲ့ဟာ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS) အဖြစ် စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Comments