ပုလဲမြို့နယ် ကန့်ဒေါင့်ရွာမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းပစ်ကူပေးနေ
- BVJ

- Jun 7
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၇ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဇွန် ၇ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ပုလဲဒေသခံတစ်ဦးက ပြောပါတယ်။
ပုလဲမြို့နယ်အနောက်ဘက် ၁၄ မိုင်ခန့်အကွာ ပုလဲ-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ ကန့်ဒေါင့်နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတပ်ဖွဲ့တို့ ကာလရှည် တပ်စွဲထားတာဖြစ်ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အခု ဇွန် ၂ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
“တိုက်ပွဲကတော့ တောက်လျှောက်ပါပဲ၊ အခုချိန်ထိ ရှိနေဆဲပေါ့။ ကန်းဒေါင်နယ်မြေရဲစခန်းမှာပါပဲ။ အဲ့မှာ စကစရော ရဲတွေရောပေါ့။ အရင်ကတည်းက ထိုင်ထားတဲ့စခန်းပေါ့။ ၃ ရက်နေ့ကနေ မနေ့ ၆ ရက်နေ့အထိ လေကြောင်းကနေ ဂျက်ဖိုက်တာရော Y-12 နဲ့ရော အကြိမ်ရေအများကြီး တိုက်ခိုက်တာမျိုးရှိတယ်။ ဗုံးသီး ၄၀၀ ကျော်လောက်အထိ ကြဲချတိုက်ခိုက်တာမျိုးရှိတယ်” လို့ ပုလဲမြို့နယ် ဒေသခံက Burma VJ ကို ပြောပါတယ်။
ကန့်ဒေါင့်ရွာမှာ တိုက်ပွဲပြင်းထန်နေချိန် တိုက်ပွဲဇုန်နဲ့မပတ်သက်တဲ့ မင်းတိုင်ပင်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ကျောင်းအနီးမှာရှိတဲ့ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
“မနေ့တုန်းကတော့ တိုက်ပွဲဇုန်မဟုတ်တဲ့နေရာ မင်းတိုင်ပင်ကို ဂျက်ဖိုက်တာနဲ့ ပြင်းထန်တဲ့ဗုံး ၂ လုံးလာချတယ်။ စာသင်ကျောင်းဆောင်တွေ ပျက်စီးသွားတယ်။ အဲ့ကနေ စာသင်ကျောင်းအနီးမှာရှိတဲ့ အိမ်တစ်အိမ်မှာ ပုန်းခိုနေတဲ့ပြည်သူတစ်ဦးကို ဗုံးစထိမှန်ပြီး ကျဆုံးသွားပါတယ်။ ကျွန်တော်တို့ရောက်သွားတော့ စာသင်ဆောင် ဗုံးမှန်ထားတဲ့နေရာတွေရော လုံးဝရစရာ မရှိတော့ဘူး” ပုလဲဒေသခံက ဆိုပါတယ်။
ကန့်ဒေါင်ရွာ နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ဦးဆောင်မှုနဲ့အတူ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ပုလဲဒေသခံက ပြောပါတယ်။ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ PLA ဦးဆောင်ပါဝင်မှုနဲ့ပတ်သက်ပြီး PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်ကလည်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပုလဲမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမဲ့ စစ်ကောင်စီက အင်အားရာနဲ့ချီ ပြန်လည်ထိုးစစ်ဆင်မှုကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။





Comments