ဘောလခဲက စစ်ကောင်စီကာကင်းစခန်းကို တော်လှန်ရေးတပ်တွေသိမ်းယူ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံး
- BVJ

- Jun 4
- 1 min read
Updated: Jun 5
BVJ/ထက်အောင် _ ဇွန် ၄ ၊ ၂၀၂၅

ကရင်နီ (ကယား) ပြည်နယ် ဘောလခဲမြို့မှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းတစ်ခုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြချက်အရ သိရပါတယ်။
ဘောလခဲမြို့က ရေနီပေါက်ကာကင်းစခန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF ပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ မေ ၂၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန် ၄ ရက်မှာ သိမ်းယူနိုင်ခဲ့တာပါ။
ရေနီပေါက်ကာကင်းစခန်းဟာ သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာရှိနေတာဖြစ်ပြီး KA ၊ KNDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြင် အာပီဂျီလက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ ခုနှစ်ကြိမ်ထက်မနည်းပေးခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးတွေအသုံးပြုကာ မြေပြင်ပစ်ကူပေးခဲ့ပါသေးတယ်။
ရေနီပေါက်ကာကင်းစခန်းကို KA ၊ KNDF ပူးပေါင်းတပ်တွေသိမ်းယူပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကောင်စီ သေဆုံးအလောင်း ၂၀ ကိုတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ရေနီပေါက်ကာကင်းစခန်းသိမ်းယူမှုနဲ့ပတ်သက်ပြီး KNDFနဲ့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ကရင်နီပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတဲ့ ဘောလခဲမြို့မှာ စစ်ကောင်စီ အမှတ် ၄၂၉၊ ၄၃၀ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၃၇ ခြေလျင်တပ်ရင်းတို့ရှိနေပြီး ရှမ်းပြည်နယ်အရှေ့တောင်ပိုင်းအခြေစိုက် အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ထားပါတယ်။











Comments