ငပလီဗုံးကြဲခံရမှုအတွင်း ဗုံးစထိမှန်ကာ ညီအမနှစ်ယောက်သေဆုံး

ယူဂရင်း/BVJ_နိုဝင်ဘာ ၁၉၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီမြို့အတွင်းက လင်းသာ(၁)ရပ်ကွက်ကို စစ်တပ်က မနေ့က နိုင်ဝင်ဘာ ၁၈ရက် ညနေ ၅နာရီ၂၀ခန့်မှာ တစ်ကြိမ်၊ ၂၅မိနစ်ခန့်မှာတစ်ကြိမ် ဂျက်တိုက်လေယာယဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ညီအမနှစ်ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်-AAက အခုနေ့လယ်မှာထုတ်ပြန်ပါတယ်။
ပထမတစ်ကြိမ်ဟာ လင်းသာကမ်းခြေဘက်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုတိယတစ်ကြိမ်ဟာ လင်းသာ(၁)ရပ်ကွက်ရှိ မင်္ဂလသုခဘုန်းကြီးကျောင်းကိုတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ ခြံစည်းရိုးတွေပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ကလေကြောင်းဗုံးကြဲမှုအတွင်း ဗုံးစထိမှန်ပြီးသေဆုံးသွားခဲ့သူတွေဟာ လင်းသာ (၁) ရပ်ကွက်နေ ညီအမနှစ်ဦးဖြစ်တဲ့ မအေးအေးစိုး (၂၅ နှစ်)နဲ့ မအေးအေးသန်း (၁၄ နှစ်)တို့ဖြစ်ပြီး မအေးအေးစိုးကတော့ နေရာမှာပဲပွဲချင်းပြီးသေဆုံးသွားခဲ့ရသလို မအေးအေးသန်းကတော့ ပြင်းထန်ဒဏ်ရာရသွားတာကြောင့် ဆေးရုံပို့ဆောင်ချိန် လမ်းမှာသေဆုံးသွားတာဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ နောက်ထပ်ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၁၇ရက်မှာလည်း သံတွဲမြိုနယ်၊ အမှတ် (၁) ရပ်ကွက်ရှိ အရင်GTI ကျောင်းနဲ့အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ အရပ်သား(၂)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသေးတယ်။
အာရက္ခတပ်တော်ဘက်ကတော့ အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။




Comments