ကျောက်ကြီးမြို့နယ်က မင်္ဂလာဆောင်ဗုံးကြဲခံရပြီး ကလေးအပါအဝင် ၁၀ ဦး သေဆုံး
- BVJ

- May 25
- 1 min read
BVJ/ဇော် - မေ ၂၅ ၊ ၂၀၂၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာမှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေတဲ့နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သတို့သမီးအပါအဝင် မင်္ဂလာဆောင်ကို လာရောက်တဲ့ ဒေသခံနဲ့ ကလေးအပါအဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မင်္ဂလာဆောင်ခန်းမနဲ့ ချက်ပြုတ်တဲ့နေရာကြားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှု များပြားခဲ့ပါတယ်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနဦးသေဆုံးသူ ၁၀ ဦးထဲမှာ ကလေး ၂ ဦးပါဝင်ခဲ့ပြီး နေရာမှာတင် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ၂၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။
“သေတဲ့သူတွေကတော့ အရပ်သားပြည်သူတွေပါ။ ကလေး ၂ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကတော့ နေရာမှာတင် သေဆုံးသွားပါတယ်။ ရုတ်တရက်ဆိုတော့ တောက်လျောက်လိုက်ပြီးတော့ အလောင်းကောက်နေရတာတွေ၊ ထိခိုက်ဒဏ်ရာ စိုးရိမ်ရသူ၊ မစိုးရိမ်ရသူ ခွဲနေရတာတွေနဲ့ အခြေအနေတွေက ရှုပ်ထွေးနေတယ်”လို့ တောင်ပိုင်းစစ်ဒေသ၊ ဒေသခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက Burma VJ ကိုပြောပါတယ်။
ကနဦးမြေပြင်သတင်းအရ သေဆုံးသူ (၁၀) ဦးဝန်းကျင်ရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပြီး စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့တဲ့သူတွေနဲ့ မင်္ဂလာဆောင်ပွဲပြုလုပ်ခဲ့တဲ့သူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုမရှိတဲ့ အရပ်သားပြည်သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက လတ်တလောမှာ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က မြိုင် မြို့နယ် ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာ မင်္ဂလာ ဆောင်ကို လေ ကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့တာရှိပါတယ်။













Comments