ပဲခူးနဲ့ မန္တလေးမှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်လှုပ်
- BVJ
- Apr 18
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၁၁ ၊ ၂၀၂၅

အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအပြီး နှစ်ပတ်ကျော်ကြာလာချိန်အထိ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတို့မှာ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုတွေရှိနေပြီး ဒီနေ့မနက်ပိုင်းမှာလည်း မိတ္ထီလာမြို့ အရှေ့မြောက်ဘက်မှာ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူဗိဗေဒသုတေသနဌာန (USGS) က ဖော်ပြထားပါတယ်။
မန္တလေးတိုင်း မိတ္ထီလာမြို့ အရှေ့မြောက်ဘက် ကင်းတာရေလှောင်တမံအနီး ရွာငံဒေသမှာ ဒီနေ့ မနက် ၁၀ နာရီ ၅၉ မိနစ်က ရစ်ချ်စကေး ၄.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သလို သာစည်မြို့အရှေ့မြောက်ဘက် အင်တိုင်သာရွာအနီးမှာလည်း မနက် ၁၁ နာရီ ၂၈ မိနစ်က ရစ်ချ်စကေး ၄.၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခဲ့သေးတယ်လို့ ငလျင်လှုပ်ခတ်မှုကို လေ့လာစောင့်ကြည့်နေတဲ့ မြေငလျင်သတင်းများစင်တာက ဖော်ပြထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်မှာတော့ ဒီနေ့ နံနက် ၁၀ နာရီ ၅၉ မိနစ်မှာ မန္တလေးတိုင်း ဝမ်းတွင်းမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာ ရစ်ချ်စကေး ၅.၀ နဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၁၁ နာရီ ၂၈ မိနစ်မှာ ရစ်ချ်စကေး ၄.၉ အဆင့်ရှိ ငလျင်တစ်ခု မလှိုင်မြို့ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာမှာ လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း တောင်ငူမြို့အနီးမှာလည်း ဒီနေ့ မနက် ၉ နာရီ ၂ မိနစ်က ရစ်ချ်စကေး ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ မြေငလျင်သတင်းများစင်တာက ဖော်ပြထားပါသေးတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၁၈ ကြိမ်အထိရှိခဲ့ပြီး အနိမ့်ဆုံး ၂.၈ ရစ်ချ်စကေးကနေ ၅.၀ ရစ်ချ်စကေးအထိ လှုပ်ခတ်နေတာလည်း ဖြစ်ပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူ ၃၆၀၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၁၄၅ ဦးရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ စာရင်းကောက်ယူဖော်ပြချက်အရ သေဆုံးသူ ၄၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
Comments