နေ့စဉ်နီးပါး ပြည်သူကိုဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုး
- BVJ
- Apr 24
- 1 min read
တစ်လအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၀ ကျော်သေဆုံးခဲ့
BVJ/အိုင်းရစ် _ ဧပြီ ၂၂ ၊ ၂၀၂၅

ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ နိုင်ငံတစ်ဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ဧပြီ ၂၃ ရက်ကနေ ၃၀ နေ့အထိ ယာယီအပစ်အခတ် ရပ်စဲရေးသက်တမ်းတိုးကြောင်း ဒီနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ငလျင်ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်းကို ပထမအကြိမ်ထုတ်ပြန်ခဲ့ပြီး ဒိနေ့ ဧပြီ ၂၃ ရက်နေ့ကနေ ၃၀ ရက်အနေ့ အပစ်အခတ်ရပ်စဲကြောင်း ဒုတိယအကြိမ် ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားပေမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ပြီး မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်းမှာပါ ဘာသာရေးအဆောက်အအုံ၊ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မနေ့ ဧပြီ ၂၁ ရက်နေ့အထိ စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၁၆၀ ထက်မနည်း လုပ်ဆောင်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ ၈၀ ကျော် သေဆုံးခဲ့ကာ ၁၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလ ဧပြီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း မွန်ပြည်နယ် ဘီလင်းမြို့နယ် မင်းစောကျေးရွာက ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆွမ်းချက်ဆောင်နေရာ ဗုံးထိမှန်ခဲ့ပြီး ဆွမ်းစားနေတဲ့ သံဃာတော်တွေ ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့သလို ကိုရင်တစ်ပါးနဲ့ ဆွမ်းကပ်နေတဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် မနေ့ ဧပြီ ၂၁ ရက်ကလည်း မန္တလေးတိုင်း မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ တောင်သာမြို့နယ်တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
Commentaires