ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ကာလဝမ်းရောဂါနဲ့ တီဘီဖြစ်ပွားမှု မြင့်တက်လာနိုင်တယ်လို့ WHO သတိပေး
- BVJ
- Apr 24
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၂၃ ၊ ၂၀၂၅

အင်အားပြင်းငလျင်နဲ့ကြုံတွေ့ခဲ့ရတဲ့ဒေသတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ရွှေ့ပြောင်းနေထိုင်ရချိန် ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ ကြုံတွေ့နိုင်ပြီး ကာလဝမ်းရောဂါ၊ တီဘီရောဂါ စတဲ့ ရောဂါမျိုးစုံ ဖြစ်ပွားမှုတွေလည်း မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။
အင်အားပြင်းငလျင်နဲ့ မကြုံတွေ့အချိန်ကတည်းက မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင် ၃.၅ သန်းကျော် နေရပ်စွန့်ခွာနေရပြီး မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ပြည်သူသောင်းနဲ့ချီဟာ အိုးမဲ့အိမ်မဲ့ထပ်မံဖြစ်ခဲ့ရပါတယ်။
ငလျင်ဘေးဒဏ်ကြုံခဲ့ရသူတွေဟာ ပြည့်ကျပ်နေတဲ့ ယာယီတည်းခိုနေရာတွေမှာ နေထိုင်ရတာ၊ မိလ္လာစနစ်မကောင်းမွန်တာ၊ အဆောက်အအုံပျက်တွေကြားမှာနေထိုင်နေရတာနဲ့ ကျန်းမာရေးဝန်ဆောင်မှု အကန့်အသတ်ရှိနေတာတွေဟာ ရောဂါဘေးအန္တရာယ်မျိုးစုံ ဖြစ်ပွားနိုင်မှုထဲကို တွန်းပို့နေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တီဘီရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်နေသလို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက လူဦးရေ ၁၆၇၀၀၀ ခန့်ဟာ တီဘီရောဂါခံစားခဲ့ရပြီး ၂၂၀၀၀ ခန့်ဟာ သေဆုံးခဲ့ရပါတယ်။ ဒီအထဲမှာ လူဦးရေ ၂၉၀၀ ခန့်ဟာ HIV ရောဂါ ခံစားနေရတာတွေလည်းရှိနေတယ်လို့ WHO က ဖော်ပြထားပါတယ်။

မကြာမီ မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီဝင်ရောက်လာတော့မှာဖြစ်တာကြောင့် ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပွားမှုတွေလည်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ WHO က သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက ခြင်ကနေတဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၁၆၀၀၀ ကျော်ရှိခဲ့ပြီး ၇၇ ဦး သေဆုံးခဲ့ကာ အများစုဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
မိုးရာသီ ခြင်ပေါက်ဖွားမှုနှုန်း မြင့်တက်လာနိုင်ပြီး စနစ်တကျ လုပ်ဆောင်ထားတဲ့ရေမြောင်းတွေနဲ့ မိလ္လာစနစ်တွေမရှိတာကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအနေနဲ့ ကူးစက်ရောဂါဖြစ်ပွားမှုတွေ ရင်ဆိုင်လာရနိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပိုမိုထိခိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် လာမယ့်ရက်သတ္တပတ်ကာလတွေဟာ အရေးကြီးပြီး ပြန်လည်နေရာချထားရေးကို အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေသလို ကျန်းမာရေးဆိုင်ရာအခက်အခဲတွေကိုလည်း ကြိုတင်ပြင်ဆင်လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ WHO က သတိပေးထားပါတယ်။
အင်အားပြင်းငလျင်ကြုံတွေ့ခဲ့ရတဲ့ဒေသတွေအတွက် အရေးပေါ်တုံ့ပြန်မှုနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ WHO က အမေရိကန်ဒေါ်လာ ၈ သန်း တောင်းခံထားပြီး အရေးပေါ်လိုအပ်တဲ့နေရာတွေကို ကျန်းမာရေးဆိုင်ရာ အကူအညီအထောက်အပံ့တွေ ပေးပို့နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေအနေနဲ့လည်း အကူအညီအထောက်အပံ့တွေပေးကြဖို့ကို WHO က တောင်းဆိုထားပါသေးတယ်။
Comments