ငလျင်ဒဏ်သင့်ဒေသကကျောင်းသားတွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်ဖြေရမယ့်ရက် စစ်ကောင်စီ သတ်မှတ်
- BVJ
- Apr 24
- 1 min read
စာမေးပွဲ ပြန်ဖြေခိုင်းတဲ့အပေါ် ဝေဖန်မှုများပြား
BVJ/ယူဂရင်း_ ဧပြီ ၂၂၊ ၂၀၂၅

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ၇.၇အင်အားရှိငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့က တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ ပျက်စီးခဲ့တာကြောင့် အဲ့ဒီဒေသက ကျောင်းသား/သူတွေ အနေနဲ့ စာမေးပွဲပြန်ဖြေရမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
မန္တလေးတက္ကသိုလ် ပင်မဆောင်က တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကို စစ်နေချိန်မှာ ငလျင်လှုပ်ခတ်ပြီး အဆောက်အုံပြိုကျကာမီးလောင်သွားသောကြောင့် တက္ကသိုလ်ပင်မဆောင်ကိုရောက်နေတဲ့ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့က တက္ကသိုလ်ဝင်တန်း(Grade 12) ဖြေဆိုထားတဲ့ ကျောင်းသား ၆၂,၉၅၄ ဦးရဲ့ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ပါတဲ့အတွက် စာမေးပွဲပြန်ဖြေဖို့ကို ကြေညာလာတာပါ။
စာမေးပွဲကို လာမယ့် ဇွန်လ ၁၆ရက်ကစတင်ကာ ၂၁ရက်အထိ တစ်ရက်ကို တစ်ဘာသာနှုန်းဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်တွေကို သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးတွေဆီကနေ ဇွန်လ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမယ်လို့ ဒီနေ့ ဧပြီ ၂၂ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။
“စာမေးပွဲပြန်ဖြေခိုင်းတယ်ဆိုတာက တာဝန်ယူမှု တာဝန်ခံမှု မရှိတာပါ။ ကျောင်းတက်တယ်ဆိုတာက ဒီနေ့တက် ၊ မနက်ဖြန်ဖြေရတဲ့အမျိုးမဟုတ်ပါ။ သက်ဆိုင်ရာကျောင်းတိုင်းမှာ class work ရှိပါတယ်၊ လ အလိုက်ဖြေရတဲ့ စာမေးပွဲတွေရှိပါတယ်။ ဒီအဖြေလွှာတွေနဲ့ ရလဒ်တွေကိုကြည့်ရှုစစ်ဆေးပြီး စာမေးပွဲအောင်စာရင်းကို ထုတ်ပေးလို့ရပါတယ်။
အခုလိုပြန်ဖြေရမယ်ဆိုတာက ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ကလေးတွေအပေါ် ညှာတာထောက်ထားမှုမရှိရာရောက်ပါတယ်”လို့ စာမေးပွဲပြန်ဖြေခိုင်းတဲ့အပေါ် လူမှုကွန်ရက်(Facebook)ကနေ ဝေဖန်ထောက်ပြထားတာပါ။
ငလျင်ဒဏ်ခံစားနေရတဲ့ ကျောင်းသား/သူတွေကို စာမေးပွဲပြန်ဖြေဆိုခိုင်းတဲ့ နည်းလမ်းတစ်ခုသာရှိတာမဟုတ်ဘဲ ဖြေဆိုထားတဲ့ ကျောင်းသား/သူအားလုံးကို အအောင်ပေးပြီး ဝင်ခွင့်ကိုသာဖြေဆိုခိုင်းသင့်ကြောင်း၊ ဒါမှမဟုတ် ဂုဏ်ထူးလိုချင်တဲ့ ကျောင်းသား/သူတွေကိုသာ ပြန်ဖြေခိုင်းလိုက်တာမျိုး စတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းသင့်ကြောင်းကိုလည်း လူအများစုက ဝေဖန်ထောက်ပြလာကြတာပါ။
“ဒီလောက်ငလျင်ဒဏ်ခံထား၊ စိတ်ဖိစီးမှုဖြစ်၊ အိမ်ကမရှိ၊ ပြို၊ ငလျင်ထပ်လှုပ်မလား၊ အိမ်တွေထပ်ပြိုမလားနဲ့ စိတ်သောကမျိုးစုံဖြစ်နေရချိန်မှာ ကလေးတွေက ဘယ်လိုစာပြန်ကျက်နိုင်မှာလဲ။ ပြန်လာမဖြေနိုင်သူတွေကို ရိုးရိုးအောင်ပေးပြီး ရိုးရိုးအောင်တာနဲ့ မကျေနပ်သူကို ပြန်လာဖြေခိုင်းလို့လည်း ရတာပဲလေ။ ငလျင်ဒဏ်သင့်ဒေသက ကလေးတွေကိုတော့ အထူးအခွင့်အရေးအပေးလိုက်သင့်ပါတယ်”လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ကြေညာချက်မှာတော့ မတ်လစာမေးပွဲမှာ ဘာသာရပ်အားလုံး ဝင်ရောက်ဖြေဆိုထားသူတွေကိုသာ ဖြေဆိုခွင့်ပြုမှာဖြစ်သလို ဖြေဆိုခွင့်ရရှိသူစာရင်းကိုလည်း သက်ဆိုင်ရာ ပညာရေးမှူးရုံးနဲ့ စာစစ်ဌာနတွေမှာ ကြေညာပေးမယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက အထက(မင်းကင်း)၊ အထက(ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂)ရွှေဘို၊ အထက(၁)ရေဦး၊အထက(ဗန်းမောက်)၊ အထက(ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်)၊ အထက(အရာတော်) တို့မှာ ဖြေဆိုခဲ့သူတွေကတော့ပြန်လည်ဖြေဆိုဖို့ မလိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ အင်းလေး စတဲ့ဒေသတွေမှာ အခုချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေရဆဲဖြစ်ပြီး ပြိုကျအဆောက်အဦးတွေကိုလည်း စိစစ်ပြီး ဖြိုကျနေရဆဲ၊ ပြန်လည်ထူထောင်ရေး လုပ်ဖို့ ကြိုးပမ်းနေရဆဲကာလဖြစ်ပါတယ်။
ဒါ့အပြင် ငလျင်ငယ်တွေလည်း ဆက်တိုက်လှုပ်ခတ်နေတာကြောင့် နေအိမ်တွေမှာမအိပ်ရဲဘဲ လမ်းမတွေပေါ် ထွက်နေကာ စိုးရိမ်ထိတ်လန့်မှုတွေရှိနေဆဲဖြစ်တဲ့အတွက် ငလျင်ဒဏ်သင့်ဒေသက ကျောင်းသား/သူတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်ဖြေခိုင်းတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
Comments