NUG မှာ ဒလန်ရှင်းလင်းရေးမူဝါဒမရှိဘူးလို့ ဝန်ကြီး ပြော
- Zayar Oo
- Jan 5, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၃၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှာ ဒလန်ရှင်းလင်းရေးမူဝါဒ မရှိဘူးလို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၃ ရက်မှာပြုလုပ်တဲ့ “လူ့အခွင့်အရေး တရားမျှတမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာမှာကြိုးပမ်းဆောင်ရွက်ချက်နဲ့ စိန်ခေါ်မှု” သတင်းစာရှင်းလင်းပွဲမှာ NUG လက်အောက်ခံ အဖွဲ့အစည်းတွေကပြုလုပ်နေတဲ့ ဒလန်ရှင်းလင်းရေးနဲ့ပတ်သက်ပြီး မူဝါဒရှိနေပါသလားဆိုတဲ့ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
“အရင်တုန်းကပြောထားသလို NUG မှာ ဒလန်ပေါ်လစီရှိတယ်တို့၊ NUG မှာ လူတွေကို သတ်ဖြတ်ဖို့အတွက် အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းစကားတွေကို မရှိပါဘူးဆိုတာ ကျနော်တို့ အမြဲတမ်းငြင်းထားပြီးသားပါ။ ဘယ်သူ့ကိုတော့ သတ်ဖြတ်ပါ ဘယ်သူ့ကိုတော့ မသတ်ပါနဲ့ အဲ့ဒါပုံစံ မရှိပါဘူး။ အဲ့ဒါနဲ့ပတ်သက်လို့ ကျနော်တို့မှာ ပေါ်လစီလုံးဝမရှိပါဘူး။ အဲ့ဒီနေရာမှာ ကျနော်တို့ပြောကြားမှုက အပြစ်မရှိတဲ့ အရပ်သားတွေပေါ်မှာ ထိခိုက်မှုမရှိအောင် လုပ်ဆောင်ပေးဖို့အပိုင်း၊ ကျနော်တို့အမြဲတမ်း သတိပေးမှုအပိုင်းရှိပါတယ်။ အဲ့တော့ NUG က အပြစ်မရှိတဲ့သူတွေကို သတ်ဖြတ်ဖို့အတွက် ဘယ်တော့မှအားပေးခြင်း၊ ပြောကြားခြင်း၊ အမိန့်ပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း မရှိပါဘူးလို့ ပြောကြားချင်ပါတယ်”

လက်ရှိတော်လှန်ရေးကာလအတွင်း NUG အောက်က လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေဟာ စစ်တပ်ထောက်ခံသူတွေထဲက တော်လှန်ရေးတပ်ဖွဲ့တွေ၊ PDF တွေနဲ့ပတ်သက်ပြီး သတင်းပေးတွေ၊ စစ်ကောင်စီစစ်မှုထမ်းအတွက် လူသစ်စုဆောင်းပေးသူတွေနဲ့ အုပ်ချုပ်ရေးမှူး စတာတွေကို ပစ်ခတ်ရှင်းလင်းတာမျိုး လုပ်ဆောင်လေ့ရှိပါတယ်။
စစ်တပ်သတင်းပေး (ဒလန်) ဆိုသူတွေဟာ နိုင်ငံအနှံ့မှာ နေ့တိုင်းနီးပါး ရှင်းလင်းခံနေရတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေနဲ့ သတင်းဖော်ပြတွေအချက် သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄၊ သြဂုတ်လ ၂၃ ရက် မနက်ပိုင်းက မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ လမ်းမကြီးပေါ် ၅၇ လမ်းနားမှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံနှစ်ဦးကို မြို့ပြပြောက်ကျား Tiger Force Mandalayဆိုတဲ့အဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ အဲဒီ့ဇနီးမောင်နှံကို စစ်ကောင်စီရဲ့ မှုခင်းရဲမှူး (CID) ဦးစိုးကိုကိုအထင်နဲ့ပစ်တာလို့ ဆိုထားပါတယ်။
ဒါပေမဲ့ ပစ်ခတ်ခံရသူ ဇနီးမောင်နှံဟာ သာမာန်အရပ်သားတွေဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ Tiger Force Mandalay အဖွဲ့လူမှုကွန်ရက် (Facebook) ဟာလည်း တစ်လနီးပါးအကြာမှာ ပျောက်ကွယ်သွားသလို အဖွဲ့ကလည်း တကယ်ရှိ မရှိ မသိရပါဘူး။




Comments