အနီကတ်ပြစ်ဒဏ်ရုပ်သိမ်းမှုကြောင့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကိုစုံစမ်းစစ်ဆေးပေးဖို့ ဥရောပလွှတ်တော်အမတ်တွေတောင်းဆို
- BVJ
- Jul 9
- 1 min read
အီးကေ/BVJ

အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ကမ္ဘာ့ဖလားပွဲပယ်ပြစ်ဒဏ်ကို ဖီဖာ(FIFA)ကမကြုံစဖူးပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းအပေါ် နိုင်ငံရေးအရဝင်ရောက်စွက်ဖက်မှုတွေရှိ၊မရှိ စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်။
အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဖိအားပေးမှုကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပြီးနောက်၊ ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုကိုစုံစမ်းစစ်ဆေးဖို့ ဥရောပလွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။
Euronews သတင်းဌာနရဲ့ဖော်ပြချက်အရ၊ အင်္ဂါနေ့ကဥရောပလွှတ်တော်အမတ်အုပ်စုတစ်စုက ဘာလိုဂန်ကိစ္စနဲ့ပတ်သက်ပြီး အင်ဖန်တီနိုရဲ့အခန်းကဏ္ဍကိုစုံစမ်းစစ်ဆေးဖို့တိုက်တွန်းတဲ့ အစီအစဉ်တစ်ရပ်ကိုစတင်ခဲ့ပါတယ်။ဒါ့အပြင် ဥရောပသမဂ္ဂအတွင်းရှိ ဘောလုံးအဖွဲ့ချုပ်များအနေနဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်မှာ နိုင်ငံရေးအရဝင်ရောက်စွက်ဖက်မှုရှိ၊မရှိတရားဝင် ပြန်လည်သုံးသပ်ပေးရန် တိုက်တွန်းတဲ့စာတစ်စောင်ကိုလည်း ဥရောပလွှတ်တော်တွင်းမှာ ဖြန့်ဝေခဲ့ပါတယ်။
ဖြစ်စဥ်အကျဥ်း
ဇူလိုင် ၁ ရက်ကဘော့စနီးယားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အမေရိကန်အသင်းရဲ့ဂိုးအများဆုံးသွင်းသူ ဘာလိုဂန် အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ ပုံမှန်စည်းမျဉ်းအရ သူဟာနောက်တစ်ပွဲကိုပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာရင်းနှီးနေကြတဲ့မိတ်ဆွေတွေဖြစ်ကြတဲ့ သမ္မတထရမ့်က အင်ဖန်တီနိုကိုဖုန်းဆက်ပြောဆိုခဲ့ပြီးနောက် ဖီဖာက ဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ကိုရုပ်သိမ်းပေးခဲ့ပြီး တနင်္လာနေ့မှာကစားခဲ့တဲ့ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပါဝင်ကစားခွင့်ပြုခဲ့ပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်ကို ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီကချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖီဖာကဆိုပေမယ့် ခေတ်သစ်ကမ္ဘာ့ဖလားသမိုင်းပြိုင်ပွဲအတွင်း အနီကတ်ပြခံရသူတစ်ဦးပွဲပယ်မခံရတဲ့ ပထမဆုံးအကြိမ်ဖြစ်ရပ်ဖြစ်လာခဲ့ပါတယ်။
ဝေဖန်မှုတွေနဲ့ တုံ့ပြန်ချက်များ
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က အဲ့ဒီဆုံးဖြတ်ချက်မှာ “မကြုံစဖူးဖြစ်ရပ်ဖြစ်ပြီး နားလည်နိုင်စွမ်းမရှိတဲ့အပြင် တရားမျှတမှုလည်းကင်းမဲ့တယ်” လို့ ဝေဖန်ခဲ့ပါတယ်။ သမ္မတထရမ့်ကလည်း ဘာလိုဂန်ရဲ့အမှုကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့ ဖီဖာကိုပြောဆိုခဲ့ကြောင်းဝန်ခံခဲ့ပေမယ့် အင်ဖန်တီနိုကို ဘယ်လိုလုပ်ဆောင်ရမယ်လို့ညွှန်ကြားခဲ့တာမျိုးမရှိဘူးလို့ ဆိုပါတယ်။ဘာလိုဂန်ဝင်ကစားခွင့်ရခဲ့တဲ့ပွဲမှာ အမေရိကန်အသင်း ဘယ်လ်ဂျီယံကို ၄-၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။
‘တရားမျှတမှုကို ဖျက်ဆီးခြင်း’
ဥရောပလွှတ်တော်အမတ်တွေဖြစ်ကြနဲ့ ဘာရီ အန်ဒရူး၊ လာရာ ဝေါလ်တာနဲ့ နီးလ် ဖူဂယ်ဆန်တို့ကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်ထဲမှာ “ပြိုင်ပွဲကျင်းပနေစဉ်အတွင်း အနီကတ်ပြစ်ဒဏ်စည်းမျဉ်းကိုပြောင်းလဲလိုက်တဲ့ ဖီဖာရဲ့လုပ်ရပ်ဟာ အရှက်ရစရာဖြစ်ပြီး တရားမျှတမှုကိုဖျက်ဆီးလိုက်တာ”လို့ ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။
လက်ရှိမှာ အဲ့ဒီတောင်းဆိုချက်ကို ဥရောပလွှတ်တော်အမတ် ၃၅ ဦးက လက်မှတ်ရေးထိုးထောက်ခံထားပြီးဖြစ်ကြောင်း သိရပါတယ်။ “အားကစားရဲ့ အလှတရားကဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာတဲ့စည်းမျဉ်းတွေပေါ်မှာ အခြေခံထားတာပါ။ အင်ဖန်တီနိုအနေနဲ့ နိုင်ငံရေးဖိအားတွေကြောင့် ဘယ်သူကစားရမယ်ဆိုတာကို ဆုံးဖြတ်ခွင့်ပေးလိုက်တဲ့အခါ အားကစားလောကရဲ့ တရားမျှတမှုဆိုတဲ့ အဓိပ္ပာယ်ကပျောက်ဆုံးသွားပြီ”လို့ သူတို့ကမှတ်ချက်ပြုထားပါတယ်။
အင်ဖန်တီနိုရဲ့ တုံ့ပြန်ချက်
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက သမ္မတထရမ့်နဲ့သူဖုန်းပြောဆိုခဲ့ခြင်းနဲ့ပတ်သက်ပြီး ခုခံပြောဆိုခဲ့ပါတယ်။ ဘာလိုဂန်ကိစ္စဟာ ဖီဖာရဲ့လွတ်လပ်တဲ့တရားစီရင်ရေးအဖွဲ့ရဲ့လက်ထဲမှာပဲရှိကြောင်း သမ္မတထရမ့်ကိုသူရှင်းပြခဲ့တယ်လို့ဆိုပါတယ်။
“ဒါဟာ ဖီဖာရဲ့စနစ်လုပ်ဆောင်ပုံဖြစ်ပြီး ကျွန်တော်အမြဲတမ်းကာကွယ်သွားမယ့် မူဝါဒတစ်ခုပါ” လို့ အင်ဖန်တီနိုကပြောခဲ့ပါတယ်။
ဒါပေမယ့် အင်ဖန်တီနိုအနေနဲ့ သမ္မတထရမ့်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိနေခြင်းကို ဝေဖန်သူတွေကထောက်ပြနေကြပါတယ် ။ ပြီးခဲ့တဲ့နှစ်က အသစ်ဖန်တီးထားတဲ့ “ဖီဖာ ငြိမ်းချမ်းရေးဆု”ကို သမ္မတထရမ့်ကိုပေးအပ်ခဲ့ဖူးသူဖြစ်ပြီး နှစ်ဦးကြားမှာရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ထားသူတွေ ဖြစ်ကြပါတယ်။
ခရက်ဒစ် - AL Jazeera
