top of page

TikTok အသုံးပြုခွင့် အမေရိကန် စတင်ပိတ်ပင်

  • Writer: BVJ
    BVJ
  • Jan 19
  • 1 min read

BVJ/Moore _ ဇန်နဝါရီ ၁၉ ၊ ၂၀၂၅

ree

အမေရိကန်နိုင်ငံမှာ လူမှုကွန်ရက် TikTok အသုံးပြုခွင့်ကို ပိတ်ပင်ဖို့ ဖက်ဒရယ်ဥပဒေတစ်ရပ်ကို အမေရိကန် တရားရုံးက ထောက်ခံအတည်ပြုခဲ့ပြီးနောက် ဒီနေ့ တနင်္ဂနွေနေ့ကစပြီး အမေရိကန်တဝှမ်း TikTok အသုံးပြုတာကို စတင်ကန့်သတ်လာပြီ ဖြစ်ပါတယ်။


အမေရိကန်နိုင်ငံသား သန်း ၁၇၀ ခန့်ဟာ TikTok အသုံးပြုနေကြပေမဲ့ ပြီးခဲ့တဲ့ သောကြာနေမှာ တရားရုံးက အတည်ပြုခဲ့ပြီးနောက်ပိုင်း အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Apple တို့ကလည်း TikTok App ကို သူတို့နည်းပညာပလက်ဖောင်းကနေ ဖယ်ရှားခဲ့ပါတယ်။


မနက်ဖြန် ဇန်နဝါရီ ၂၀ ရက်မှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် သမ္မတတာဝန်မထမ်းဆောင်ခင် တစ်ရက်အလိုမှာ TikTok ကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒေါ်နယ်ထရမ့်က သူ သမ္မတ တာဝန်စတင်ထမ်းဆောင်ပါက TikTok အသုံးပြုခွင့် ပိတ်ပင်တာကို ရက် ၉၀ ရွှေ့ဆိုင်းပေးမယ်လို့ ပြောကြားထားတာလည်း ဖြစ်ပါတယ်။


တရုတ်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ ByteDance အနေနဲ့ ဆိုရှယ်မီဒီယာ TikTok ကို အမေရိကန်ကုမ္ပဏီတွေဆီ ရောင်းချဖို့ အမေရိကန်အစိုးရက ဖိအားပေးခဲ့ပြီး TikTok ဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တယ်လို့ ပြောကြားထားတာလည်း ဖြစ်ပါတယ်။


ByteDance ကုမ္ပဏီက ပိုင်ဆိုင်တဲ့ တခြား ဖုန်းအက်ပလီကေးရှင်းတွေဖြစ်တဲ့ ဗီဒီယိုတည်းဖြတ်တဲ့ Capcut နဲ့ Lifestyle app Lemon8 တို့လည်း မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက အမေရိကန်နိုင်ငံသုံး App Store တွေမှာ မတွေ့ရတော့ပါဘူး။


“လက်ရှိ အတည်ပြုလိုက်တဲ့ဥပဒေအရ TikTok အသုံးပြုမှုကို အမေရိကန်နိုင်ငံတွင်းမှာ ပိတ်ပင်လိုက်တာမို့ သုံးစွဲသူအနေနဲ့ကတော့ လက်ရှိမှာ အသုံးပြုလို့ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ ဒီကိစ္စကို ဆက်လက်ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိနေပါတယ်”လို့ TikTok မိခင်ကုမ္ပဏီ ByteDance ကလည်း ပြောထားပါတယ်။


အမေရိကန်နိုင်ငံတွင်း TikTok အသုံးပြုခွင့်ပိတ်ပင်ထားပေမဲ့ ဖုန်းထဲမှာ အရင်ရှိနှင့်ပြီးသား TikTok App ကိုတော့ အကန့်အသတ်တွေနဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပေမဲ့ နောက်ပိုင်းအချိန်တွေမှာ အသုံးပြုလို့ရတော့မှာမဟုတ်သလို နည်းပညာပံ့ပိုးမှုပိုင်းကိုလည်း ရရှိတော့မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။


Ref: Reuters

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page