top of page

တယ်လီဂရမ်တည်ထောင်သူ Pavel Durovကို ရုရှားအစိုးရက ဖမ်းဝရမ်းထုတ်

  • Writer: BVJ
    BVJ
  • Jul 30
  • 1 min read

သူရ/BVJ_ဇူလိုင် ၂၉၊ ၂၀၂၆

တယ်လီဂရမ် ပူးတွဲတည်ထောင်သူ Pavel Durov
တယ်လီဂရမ် ပူးတွဲတည်ထောင်သူ Pavel Durov

ရုရှားအာဏာပိုင်တွေက Telegram(တယ်လီဂရမ်)ပူးတွဲတည်ထောင်သူ Pavel Durov ကို "အကြမ်းဖက်မှုကို အားပေးကူညီမှု"နဲ့ တရားဝင်စွဲချက်တင်ပြီး နိုင်ငံတကာဖမ်းဝရမ်းထုတ်ထားလိုက်ပါပြီ။


ယူကရိန်းထောက်လှမ်းရေးတွေနဲ့ တခြား "အကြမ်းဖက်အဖွဲ့အစည်း" တွေက တိုက်ခိုက်မှုတွေစီစဉ်ဖို့အတွက် အသုံးပြုနေတဲ့အကြောင်းအရာတွေကို Telegramကဖယ်ရှားမပေးတာကြောင့် အခုလိုစွဲချက်တင်တာဖြစ်တယ်လို့ ရုရှားရဲ့ FSB လုံခြုံရေးအေဂျင်စီကပြောပါတယ်။


ဗုဒ္ဓဟူးနေ့မှာ FSBကဒီစွဲချက်ကိုကြေညာခဲ့တာပါ။ သူတို့ပြောတာကတော့ တယ်လီဂရမ်ပေါ်မှာရှိတဲ့ "ချန်နယ်တွေ၊ ချတ်တွေနဲ့ ဘော့တ် (bots) တွေကို" ရုရှားနိုင်ငံအတွင်းတိုက်ခိုက်မှုတွေလုပ်ဖို့ ယူကရိန်းဘက်က ထောက်လှမ်းရေးတွေနဲ့ တခြားအကြမ်းဖက်၊ အစွန်းရောက်အဖွဲ့တွေကအသုံးပြုနေတာကို ကုမ္ပဏီကတားဆီးမပေးခဲ့ဘူးလို့ဆိုပါတယ်။ FSBရဲ့အဆိုအရ အဲဒီတိုက်ခိုက်မှုတွေထဲမှာ"ဖျက်ဆီးမှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဆိုက်ဘာလိမ်လည်မှုတွေ" ပါဝင်တယ်လို့ သိရပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး Pavel Durovဘက်ကရော၊ တယ်လီဂရမ်ဘက်ကပါ တရားဝင် မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ စွဲချက်တင်ကြောင်း ကြေညာပြီးတဲ့နောက်မှာတော့ တယ်လီဂရမ် ရဲ့ X (Twitter) အကောင့်ကနေ Durov လက်ညိုးထောင်ပြနေတဲ့ ပုံတစ်ပုံကိုတင်ထားတာတွေ့ရပါတယ်။


အခုလိုစွဲချက်တင်တာဟာ တယ်လီဂရမ်အပြင် WhatsApp လိုမျိုး လူသုံးများတဲ့ မက်ဆေ့ချ်ပို့တဲ့ အက်ပ်တွေကိုပါကန့်သတ်ပြီး ရုရှားအစိုးရရဲ့ ကိုယ်ပိုင် MAX မက်ဆေ့ချ် အက်ပ်ကို အစားထိုးသုံးစွဲစေချင်တဲ့ ရုရှားရဲ့ ကြိုးပမ်းမှုတွေထဲကတစ်ခုလို့လည်းပြောနိုင်ပါတယ်။


ကျွမ်းကျင်သူတွေကတော့ MAX အက်ပ်ဟာ အာဏာပိုင်တွေတောင်းဆိုရင် အသုံးပြုသူတွေရဲ့အချက်အလက်တွေကိုပေးအပ်မယ်လို့ ပွင့်ပွင့်လင်းလင်း ကြေညာထားပြီး၊ မက်ဆေ့ချ်တွေကို လုံခြုံစိတ်ချစွာပို့ပေးနိုင်တဲ့ end-to-end encryption စနစ်မပါဝင်ဘူးလို့ သတိပေးထားပါတယ်။ရုရှားအစိုးရဟာ Twitter၊ Facebook နဲ့ Instagram လိုလူမှုကွန်ရက်တွေကို ပိတ်ပင်ထားသလို YouTubeလိုဝန်ဆောင်မှုတွေကိုလည်း ကန့်သတ်ချက်တွေပိုတိုးမြှင့်နေတာပါ။


ရုရှားမှာမွေးဖွားခဲ့ပေမဲ့ အခုတော့အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ ပြင်သစ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ Durov ဟာ ၂၀၁၃ ခုနှစ်မှာ တယ်လီဂရမ်ကိုတည်ထောင်ခဲ့တာပါ။ တယ်လီဂရမ်မတိုင်ခင်ကလည်း ရုရှားရဲ့ Facebookလို့ပြောလို့ရတဲ့ VKontakteကိုတည်ထောင်ခဲ့ပြီးမှ ရုရှားအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ၂၀၁၄ မှာ ရှယ်ယာတွေပြန်ရောင်းခဲ့ရတာပါ။


၂၀၁၄တုန်းက ယူကရိန်းမှာရှိတဲ့ ဒီမိုကရေစီလိုလားသူတွေရဲ့ အချက်အလက်တွေကိုပေးဖို့ ရုရှားအာဏာပိုင်တွေကဖိအားပေးခဲ့ပေမယ့် သူငြင်းဆန်ခဲ့တယ်လို့ Durovကဆိုပါတယ်။ ဒီနှစ်အစောပိုင်းမှာလည်း ရုရှားအာဏာပိုင်တွေက သူ့ကို ရာဇဝတ်မှုနဲ့စုံစမ်းစစ်ဆေးနေပြီး "လူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်ကိုနှိပ်ကွပ်ဖို့"အတွက် အကြောင်းပြချက်ရှာပြီး တယ်လီဂရမ်ကိုပိတ်ပင်ဖို့ကြိုးစားနေတာလို့ သူကစွပ်စွဲခဲ့ပါတယ်။


ရုရှားရဲ့စုံစမ်းစစ်ဆေးမှုအပြင် Durovဟာ ပြင်သစ်နိုင်ငံမှာလည်း တရားရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ တယ်လီဂရမ်ပေါ်က ရာဇဝတ်မှုတွေကို ထိထိရောက်ရောက်မတားဆီးတာ၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေရဲ့တောင်းဆိုချက်တွေကို လုံလောက်အောင်ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ Durovကတော့ သူဘာမှအမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။


Durov ဟာအကြောင်းအရာစိစစ်မှု (moderation)ပိုင်းမှာ ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဘဲ အက်ပ်ကိုလွတ်လပ်ပြီး ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိတဲ့ ပလက်ဖောင်းတစ်ခုအဖြစ်သာ တည်ဆောက်ထားတာပါ။ ဒါပေမဲ့တဖက်မှာလည်းဒီလိုပုံစံကပဲ တယ်လီဂရမ်ကို တရားမဝင်လုပ်ဆောင်မှုတွေနဲ့ အစွန်းရောက်ဝါဒတွေပျံ့နှံ့တဲ့နေရာတစ်ခုဖြစ်လာစေတယ်လို့ ကျွမ်းကျင်သူ အချို့က သတိပေးပြောဆိုနေကြပါတယ်။

ခရက်ဒစ်- အယ်လ်ဂျားဇီးယား


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page