၂၄နာရီအတွင်း ရွှေ့ပြောင်းအခြေချသူငါးသောင်းနီးပါး စပိန်နိုင်ငံထဲ အစုလိုက်အပြုံလိုက်ဝင်ရောက်လာ
- BVJ

- 6 days ago
- 2 min read
သူရ/BVJ_ ဇူလိုင် ၃၁၊ ၂၀၂၆

စပိန်နိုင်ငံရဲ့ မြောက်အာဖရိကနယ်မြေဖြစ်တဲ့ ဆူးတာ (Ceuta)မြို့ကို မော်ရိုကိုဘက်ကနေရွှေ့ပြောင်းအခြေချသူ ၄၉,၀၀၀ လောက်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကုန်းလမ်းနဲ့ရေလမ်းကနေတဆင့် အစုလိုက်အပြုံလိုက်ဝင်ရောက်လာခဲ့တယ်လို့ တာဝန်ရှိသူတွေကခန့်မှန်းပြောဆိုထားပါတယ်။
ကြာသပတေးနေ့ကရိုက်ကူးထားတဲ့ ဗီဒီယိုနဲ့ဓာတ်ပုံတွေထဲမှာ လူထောင်ပေါင်းများစွာဟာ ပင်လယ်ထဲကနေရေကူးပြီး မြို့ထဲကိုဝင်ရောက်လာကြတာကိုတွေ့ရသလို၊ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရလည်း ညလုံးပေါက် ဆက်လက်ဝင်ရောက်နေကြတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ အဲဒီနယ်မြေကိုရောက်ရှိဖို့ကြိုးပမ်းရင်း လူပေါင်း ၁၈ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒီဖြစ်ရပ်ဟာ စပိန်နိုင်ငံရဲ့ ဆူးတာ (Ceuta) နဲ့ မီလီယာ (Melilla) ဆိုတဲ့ စပိန်ပိုင် နယ်မြေနှစ်ခုကို ရေလမ်းကနေလာတဲ့သူတွေကို မော်ရိုကိုနိုင်ငံဆီချက်ချင်းပြန်ပို့လို့မရဘူးဆိုပြီး စပိန်တရားရုံးချုပ်က ဒီလအစောပိုင်းမှာဆုံးဖြတ်ချက်ချလိုက်ပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာတာပါ။ မော်ရိုကိုရဲ့ မြောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဆူးတာမြို့ဟာ ဂျီဘရော်လ်တာ ရေလက်ကြားကိုဖြတ်ပြီး စပိန်ပြည်မကြီးနဲ့ ခွဲခြားထားတာဖြစ်ပြီး ဥရောပကိုသွားရောက်ဖို့ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းအခြေချသူတွေအတွက် အဓိကနေရာတစ်ခုဖြစ်လာတာကြာပါပြီ။

နယ်စပ်ထိန်းချုပ်ရေးစနစ်တွေပျက်ပြားသွားပြီး ရှုပ်ထွေးပွေလီတဲ့မြင်ကွင်းတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်မှာတော့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက မက်ဒရစ်မြို့တော်ဆီအကူအညီတောင်းခံခဲ့ပါတယ်။ စပိန်တာဝန်ရှိသူတွေရဲ့ ခန့်မှန်းချက်အရဆိုရင် ပြီးခဲ့တဲ့တစ်ရက်အတွင်း ဆူးတာမြို့ထဲဝင်ရောက်လာသူ အရေအတွက်ဟာ မြို့ရဲ့ လူဦးရေ (၈၃,၆၀၀ ခန့်) ရဲ့တစ်ဝက်နီးပါးရှိနေတာကို တွေ့ရပါတယ်။
နောက်ပိုင်းမှာတော့ စပိန်အစိုးရဟာ ဆူးတာမြို့နဲ့အနီးနားက မီလီယာမြို့တွေမှာလုံခြုံရေးတိုးမြှင့်ဖို့အတွက် စစ်တပ်ကိုစေလွှတ်ခဲ့ရပါတယ်။ မီလီယာမြို့မှာလည်း ညတွင်းချင်းပဲ လူပေါင်း ၃၀၀ ကနေ ၄၀၀ ကြားဝင်ရောက်လာတယ်လို့ သတင်းရရှိပါတယ်။ မော်ရိုကိုနိုင်ငံကပိုင်ဆိုင်ချင်နေတဲ့ မြို့နှစ်မြို့လုံးဟာ စပိန်နိုင်ငံနဲ့ သံတမန်ရေးအရတင်းမာမှုတွေဖြစ်တဲ့နေရာတွေဖြစ်ပါတယ်။
စပိန်အစိုးရကတော့ ဒီနယ်မြေနှစ်ခုဟာ စပိန်နိုင်ငံရဲ့အစိတ်အပိုင်းအစစ်အမှန်ဖြစ်ပြီး ပြည်မကြီးကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ အဆင့်အတန်းတူညီတယ်လို့ အခိုင်အမာပြောကြားထားပါတယ်။ ဒီမြို့နှစ်မြို့ဟာ အာဖရိကတိုက်မှာရှိတဲ့ ဥရောပသမဂ္ဂရဲ့ တစ်ခုတည်းသော ကုန်းမြေနယ်စပ်တွေဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော်လာသူအများစုဟာ လူငယ်အမျိုးသားတွေဖြစ်ကြပေမယ့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့မွေးကင်းစကလေးတွေတောင်ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီအထဲက အနည်းဆုံး ၇,၀၀၀ ဟာ အရွယ်မရောက်သေးသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေကခန့်မှန်းထားပါတယ်။
ပုံမှန်အားဖြင့် ရွှေ့ပြောင်းအခြေချသူတွေဟာ ဆူးတာမြို့ကိုဝင်ရောက်ဖို့ ကမ်းရိုးတန်းအဝေးကနေ ကီလိုမီတာအတော်များများရေကူးကြရတာပါ။ ဒီတစ်ကြိမ်မှာတော့ နယ်စပ်ခြံစည်းရိုးအနီးအထိ အလွယ်တကူရောက်လာနိုင်ခဲ့ပုံရပါတယ်။ အစပိုင်းမှာ တချို့ဆိုရင် ရေကာတာပေါ်က ကျောက်ဆောင်တွေအတိုင်းလမ်းလျှောက်လာပြီး ကမ်းခြေကိုရောက်အောင်ရေကူးခဲ့ကြရတာပါ။ ဒီအချိန်မှာ မော်ရိုကိုနယ်ခြားစောင့်တပ်တွေ ဘယ်ရောက်နေကြလဲ၊ ဘာကြောင့် လူအုပ်စုတွေကို မတားဆီးတာလဲဆိုတာကတော့မရှင်းလင်းသေးပါဘူး။
ကြာသပတေးနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဒီလို ရုတ်တရက်အစုလိုက်အပြုံလိုက်ဝင်ရောက်လာမှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ရေကူးပြီးဝင်ရောက်သူတွေ တိုးလာခဲ့ပြီးနောက်မှာဖြစ်ပေါ်လာတာပါ။ အောင်မြင်စွာရောက်ရှိသွားကြတဲ့ သတင်းစကားတွေက မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားပုံရပါတယ်။ ၂၀၂၁ ခုနှစ်တုန်းကလည်း အခုလိုမျိုးပဲဝင်ရောက်မှုမြင့်တက်ခဲ့ဖူးပေမယ့် အခုလောက်တော့ မများပြားခဲ့ပါဘူး။ အဲဒီတုန်းကတော့ အနောက်ဆဟာရဒေသရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး မက်ဒရစ်နဲ့ အငြင်းပွားမှုဖြစ်ရာမှာ မော်ရိုကိုအာဏာပိုင်တွေက လူပေါင်း ၈,၀၀၀ ခန့်ကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးခဲ့တာပါ။
အခုလည်း စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sánchez) ဟာ အနောက်ဆဟာရဒေသရဲ့ လွတ်လပ်ရေးကိုထောက်ခံတဲ့ အယ်လ်ဂျီးရီးယားနိုင်ငံကိုသွားရောက်ခဲ့တဲ့အတွက် ဒီသံတမန်ရေးအငြင်းပွားမှုတွေပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။ စပိန်ပြည်ထဲရေးဝန်ကြီးဌာနကတော့ တရားမဝင် ဝင်ရောက်လာသူအားလုံးကို "တတ်နိုင်သမျှ အမြန်ဆုံး" ပြန်လည်ပို့ဆောင်နိုင်ဖို့ မော်ရိုကိုနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဆန်းချက်ဇ်လည်း သောကြာနေ့မှာ ဆူးတာမြို့ကိုသွားရောက်ဖို့ရှိနေပါတယ်။
သောကြာနေ့အထိ နယ်စပ်တလျှောက်မှာ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီလို အစုလိုက်အပြုံလိုက်ဝင်ရောက်လာရတဲ့အကြောင်းရင်းနဲ့ မော်ရိုကိုဘက်က ဘာကြောင့် မတားဆီးခဲ့တာလဲဆိုတာကိုတော့ အခုထိမသိရသေးပါဘူး။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အီတလီဝန်ကြီးချုပ်ကတော့ "အလွန်တုန်လှုပ်ဖွယ်ကောင်းကြောင်း" နဲ့ ဒီလို "ထိန်းချုပ်မရတဲ့ လူဝင်မှုကြီး" ဟာ ဥရောပအတွက် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာရေးသားဖော်ပြခဲ့ပါတယ်။
အီတလီအနေနဲ့ စပိန်နဲ့နယ်စပ်ဖြတ်ကျော်သွားလာခွင့်ဆိုင်ရာ ရှန်ဂျင် (Schengen) သဘောတူညီချက်ကို ဆိုင်းငံ့ဖို့စဉ်းစားလိမ့်မယ်လို့ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ဘာမှမထူးခြားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံဟာ နယ်ချင်းမထိစပ်သလို၊ စာရွက်စာတမ်းမဲ့သူတွေအနေနဲ့လည်း လေယာဉ်စီးဖို့ ဖြစ်နိုင်ချေနည်းပါးလို့ပါ။ အဓိကကတော့ ဆူးတာကိုရောက်နေတဲ့သူတွေဟာ အခုလောလောဆယ် စပိန်ပြည်မကြီးဆီမရောက်နိုင်ဘဲ အဲဒီမှာတင်ပိတ်မိနေတာဖြစ်ပါတယ်။

အီတလီဝန်ကြီးချုပ်ရဲ့ မှတ်ချက်ဟာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ (Antonio Tajani) ရဲ့ ပြောဆိုချက်နဲ့ဆင်တူနေပါတယ်။ သူ့ကိုတော့ စပိန်နိုင်ငံခြားရေးဝန်ကြီး ဂျိုဆေး မန်နူရယ် အယ်လ်ဘာရက်စ် (José Manuel Albares) က နိုင်ငံရေးအတွက် လူဝင်မှုကြီးကြပ်ရေးကိုလက်နက်သဖွယ် အသုံးပြုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ စပိန်နိုင်ငံခြားရေးဝန်ကြီးကတော့ အဲဒီလို ပြောဆိုချက်တွေဟာ "ဥရောပရဲ့ စည်းလုံးညီညွတ်မှုကို မျှော်လင့်ထားတဲ့ မိတ်ဖက်နိုင်ငံတစ်နိုင်ငံအတွက် မသင့်လျော်တဲ့ လုပ်ရပ်" ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သူဟာ သောကြာနေ့မှာပဲ မက်ဒရစ်မြို့ရှိ အီတလီသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ရှန်ဂျင်ဇုန် (Schengen Area) ဆိုတာကတော့ ဥရောပနိုင်ငံ ၂၉ နိုင်ငံကြားမှာ နယ်စပ်ထိန်းချုပ်မှုတွေကို ဖျက်သိမ်းထားတဲ့ ပွင့်လင်းနယ်စပ်စနစ်တစ်ခုပဲ ဖြစ်ပါတယ်။
ခရက်ဒစ်-ဘီဘီစီ



Comments