Sky Villaကနေ ကလေးနှစ်ဦးနဲ့ အမျိုးသမီး ရှစ်ဦး ရုပ်အလောင်း ထပ်ရှာတွေ့
- BVJ

- Apr 18
- 1 min read
■ ပျောက်ဆုံးနေသူ နှစ်ရာကျော်ရှိနေသေး
BVJ/ယူဂရင်း_ ဧပြီ ၇၊ ၂၀၂၅

မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ ၇.၇အင်အားရှိငလျင်မှာ အဆောက်အဦး၊နေအိမ်တွေ ပြိုကျပျက်စီးမှုအတွင်း ပျောက်ဆုံးနေသူတွေရှိနေသေးတာကြောင့် မြန်မာမီးသတ်တပ်ဖွဲ့နဲ့အတူ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီနေ့ ဧပြီ ၇ရက်မှာ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒီနေ့ မနက်ပိုင်းရှာဖွေမှုတွေအရ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အဦ ပြိုကျပျက်စီးမှုအတွင်းကနေ အမျိုးသမီး(၈)ဦးရဲ့ရုပ်အလောင်းတွေနဲ့ ကလေး ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်းဆယ်ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
မနေ့က ရှာဖွေမှုလည်း Sky Villaကွန်ဒိုပြိုကျမှုအတွင်းကနေ ကလေးနှစ်ဦး၊ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းနဲ့ မန္တလေးမြို့၊ ၇၃လမ်း၊ ၂၉လမ်းရှိ တိမ်ဖြူဟိုတယ် အဆောက်အဦ ပြိုကျပျက်စီးအတွင်း အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မတ်လ ၂၈ရက်နေ့လယ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ (၃၄၅၅)ဦးနဲ့ (၄၈၄၀)ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူ (၂၁၄) ဦး ရှိနေကြောင်း စစ်ကောင်စီက မနေ့က ဧပြီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး တချို့နေရာတွေမှာတော့ ရှာဖွေမှုကိုရပ်ဆိုင်းပြီး ရှင်းလင်းပြုပြင်ရေးတွေလုပ်ဆောင်နေပါတယ်။







Comments