top of page

ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ ဘင်္ဂလားဒေ့ရှ်မှာပြန်အဖမ်းခံဖို့စီစဥ်နေ

  • Writer: BVJ
    BVJ
  • Jul 13
  • 1 min read

အေတီ/BVJ_ဇွန် ၁၁၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံကထွက်ပြေးပြီး အိန္ဒိယနိုင်ငံမှာခိုလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ လာမယ့်ဒီဇင်ဘာလမှာသူ့ရဲ့ပါတီအကြီးအကဲတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံပြန်ပြီး လက်နက်ချအဖမ်းခံဖို့စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။


လက်ရှိမှာ ဟာစီနာရဲ့ (Awami League)ပါတီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ လှုပ်ရှားမှုတွေပိတ်ပင်ခံထားရပြီး ဟာစီနာကိုယ်တိုင်မျက်ကွယ်သေဒဏ် ချမှတ်ခံထားရပါတယ်။ အခုလိုဟာစီနာနေရပ်ပြန်လာမယ့်အစီအစဉ်က ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် နိုင်ငံရေးအရကိုင်တွယ်ဖြေရှင်းရမယ့်ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။


"ကျွန်မပြန်သွားရင် သူတို့ကျွန်မကိုဖမ်းချင်ဖမ်းမယ်၊ သတ်ချင်လည်းသတ်မှာပေါ့။ ဒါပေမဲ့ ကျွန်မပြန်သွားရမှာပဲ"လို့ အသက် ၇၈ နှစ်အရွယ် ဟာစီနာက ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ ဖုန်းအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။


"ကျွန်မရဲ့ ပါတီခေါင်းဆောင်တွေနဲ့ဝန်ထမ်းတွေဟာ အကြီးအကျယ်ဖိနှိပ်ခံနေရတယ်။ သေခြင်းတရားဆိုတာ ရောက်လာမယ်ဆိုရင်တောင် ကျွန်မရဲ့ မိဘတွေ မြှုပ်နှံထားတဲ့၊ သူတို့ရဲ့သွေးတွေစီးဆင်းခဲ့တဲ့ ကျွန်မရဲ့ကိုယ်ပိုင်မြေပေါ်မှာပဲဖြစ်စေချင်တယ်"လို့ သူမကဆိုပါတယ်။

နိုင်ငံရေးအကျပ်အတည်းနဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး

နှစ်ပေါင်း ၂၀ ကြာဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ရတဲ့ ခေတ်ကာလကို အဆုံးသတ်စေခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်မှာ ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်ကနေထွက်ခွာသွားခဲ့ရပါတယ်။


ကျောင်းသားတွေဦးဆောင်တဲ့အဲ့ဒီဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းဖို့အမိန့်ပေးခဲ့မှုအတွက် ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှုဆိုင်ရာတရားရုံးက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ သူ့ကို မျက်ကွယ်သေဒဏ်အမိန့်ချမှတ်ထားပါတယ်။


ဘင်္ဂလားဒေ့ရှ်အစိုးရက သူ့ကိုလွှဲပြောင်းပေးဖို့ အိန္ဒိယကိုအကြိမ်ကြိမ်တောင်း ဆိုထားပါတယ်။ ဒါပေမယ့် အိန္ဒိယမှာခိုလှုံနေတဲ့ဟာစီနာက သူ့အပေါ် စွပ်စွဲချက်တွေအားလုံးကိုငြင်းဆိုထားပါတယ်။ ဟာစီနာနေရပ်ပြန်မယ့်အစီအစဉ်က အထည်ချုပ်လုပ်ငန်းနဲ့အဓိကရပ်တည်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် နိုင်ငံရေးကွဲပြားမှုတွေပိုမိုပြင်းထန်လာစေနိုင်ပါတယ်။ တဖက်မှာလည်း သူ့ကိုခိုလှုံခွင့်ပေးထားတဲ့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကြားတင်းမာနေတဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူပြုနိုင်ဖွယ်ရှိပါတယ်။


ဟာစီနာက သူနေရပ်ပြန်မည့်ကိစ္စကို မည်သည့်နိုင်ငံခြားအစိုးရနဲ့မှတိုင်ပင် ဆွေးနွေးထားခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။သူ့ရဲ့အစိုးရပြုတ်ကျပြီးနောက်ပိုင်း သတင်းမီဒီယာတွေကိုစာနဲ့သာဖြေဆိုခဲ့တာရှိပြီး အခုလို အင်တာဗျူးဖြေကြားခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။


ဟာစီနာအနေနဲ့ သူမရဲ့နေရပ်ပြန်မယ့် အချိန်ဇယားကိုချမှတ်ပြောဆိုလာတာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သူမကိုယ်တိုင်လက်နက်ချဖို့ စီစဉ်ထားသလို၊ ပြည်ပရောက်နေတဲ့တခြားသော Awami League ပါတီခေါင်းဆောင်တွေလည်း လက်နက်ချကြလိမ့်မယ်လို့ သူမကဆိုပါတယ်။


သူတို့ထဲမှာ ဝန်ကြီးဟောင်း အဆဒူဇာမန်ခန်း ကာမ (Asaduzzaman Khan Kamal) လည်းပါဝင်ပြီး သူဟာလည်း သေဒဏ်ချမှတ်ခံထားရသူဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနအနေနဲ့ တခြားပါတီဝင်တွေကိုတော့ ဆက်သွယ်နိုင်ခြင်း မရှိသလို၊ သူတို့ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာကိုလည်းအတည်ပြုနိုင်ခြင်း မရှိပါဘူး။"


တရားမျှတမှုကို ယုံကြည်ကြောင်းဆို

"သူတို့ကကျွန်မကိုပြန်ခေါ်ချင်လို့ အိန္ဒိယကိုအကြိမ်ကြိမ်စာပို့နေတယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်ပဲအဲ့ဒီကိုပြန်သွားမှာပါ"လို့ ဟာစီနာကဆိုပါတယ်။


တချိန်က ဒီမိုကရေစီချန်ပီယံအဖြစ်သတ်မှတ်ခံခဲ့ရသူ ဟာစီနာဟာ နောက်ပိုင်းကာလတွေမှာ အတိုက်အခံတွေကိုဖိနှိပ်ပြီး ဒီမိုကရေစီစံနှုန်းတွေကိုဖျက်ဆီးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သူ့ရဲ့ အစိုးရပြုတ်ကျခဲ့တဲ့ကာလာမှာ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁,၄၀၀ ခန့်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာမှာဖော်ပြထားပါတယ်။


"ကျွန်မတို့ရဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေအားလုံးနီးပါးကို ဘင်္ဂလားဒေ့ရှ်အစိုးရက အမှုတွေဖွင့်ထားတယ်။ သူတို့အများစုက ပုန်းရှောင်နေရတယ်"လို့ သူကပြောပါတယ်။ "ကျွန်မကတော့ တရားမျှတမှုကို ယုံကြည်တယ်။ တရားစီရင်ရေး လုပ်ငန်းစဉ်တွေစတင်လိုက်ရင် ဒီတရားရုံးက ဘယ်လောက်အထိ အဓိပ္ပာယ်မဲ့နေလဲဆိုတာ ပြည်သူတွေသိလာလိမ့်မယ်။ အဲဒါကိုပဲ ကျွန်မ သက်သေပြချင်တာပါ"လို့ သူမကဆိုတယ်။


"ပြည်သူတွေပဲ ဆုံးဖြတ်ပါစေ"

မီဒီယာတွေကသတင်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ ရှိတ်ဟာစီနာအစိုးရပြုတ်ကျသွားပြီးနောက်ပိုင်း Awami League ပါတီဝင်အများအပြားဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရခြင်းများ ကြုံတွေ့နေရပါတယ်။


ဟာစီနာကမူ နေရပ်ပြန်မည့်အစီအစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြောဆိုထားခြင်းမရှိဘူးလို့ပြောပါတယ်။


"ဒီမိုကရေစီ၊မဲပေးပိုင်ခွင့်၊ Awami League ရဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ တရားမျှတမှုဆိုတာတွေဟာ လျှို့ဝှက်တိုင်ပင်ရမယ့်ကိစ္စတွေမဟုတ်ဘူး"လို့ သူမက ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း ရှိတ်ဟာစီနာ ပြန်လာမယ့်ကိစ္စနဲ့ပတ်သက်ပြီး အခုအချိန်အထိ တစုံတရာမှတ်ချက်ပြုတာမျိုးမရှိသေးပါဘူး။


အရင်ကလည်း အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရဖူးတဲ့အတွက် ထောင်ကျမှာကို မစိုးရိမ်ဘူးလို့သူကပြောပါတယ်။ ၁၉၈၁ ခုနှစ်မှာ သူ့ရဲ့ဖခင် လုပ်ကြံခံရပြီးနောက် ပြည်ပမှပြန်လာချိန် စစ် အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် ၂၀၀၇ခုနှစ်မှာလည်း စစ်တပ်ကျောထောက်နောက်ခံပြု အိမ်စောင့်အစိုးရက သူမကိုအဂတိလိုက်စားမှုနဲ့ထောင်ချခဲ့ဖူးပြီး ၂၀၀၈ခုနှစ်မှာပြန်လည်လွတ်မြောက်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။


အခုတစ်ကြိမ်ထွက်ပြေးခဲ့ရတဲ့အကြောင်းအရင်းကတော့ လူအုပ်ကြီးကသူ့အိမ်ကိုချီတက်လာပြီး အသက်အန္တရာယ်ကိုခြိမ်းခြောက်တာကြောင့်လို့ ဟာစီနာက အကြောင်းပြပါတယ်။


"အစိုးရတစ်ရပ်အနေနဲ့ အချိန်ကြာမြင့်စွာတာဝန်ယူဆောင်ရွက်တဲ့အခါ အမှားတွေဖြစ်တတ်ပါတယ်။ ဘယ်အစိုးရမှအမှားကင်းတယ်လို့မရှိပါဘူး။ ဒါပေမဲ့ အစိုးရတစ်ရပ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ အမှားအမှန်ကို ဆုံးဖြတ်ပိုင်ခွင့်က ပြည်သူတွေမှာပဲရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ပြည်သူတွေဆီမှာပဲကျွန်မ အပ်ထားခဲ့ပါတယ်"လို့ သူမကဆိုပါတယ်။

Awami League ပါတီကိုပြန်လည်စုစည်းဖို့ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိပါလီမန်မဲဆန္ဒနယ် ၃၀၀အနက် ၁၂၅ ခုအတွက် အွန်လိုင်းကနေတဆင့်အစည်းအဝေးတွေပြုလုပ်နေတယ်လို့ ဟာစီနာကပြောပါတယ်။


"သူတို့က ကျွန်မကိုပြစ်ဒဏ်ပေးချင်ပေးထားလိမ့်မယ်။ ကျွန်မလည်း ရွေးကောက်ပွဲဝင်ပြိုင်နိုင်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ Awami League ပါတီကို ဘာလို့ ပိတ်ပင်ရမှာလဲ။ ကျွန်မတို့အမှားလုပ်ခဲ့တယ်ဆိုရင်တောင် ဒါကို ပြည်သူတွေပဲဆုံးဖြတ်ပါစေ" လို့ သူကနောက်ဆုံးဖြည့်စွက်ပြောကြားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page