တအာင်းပြည်ကို ကာကွယ်သွားကြဖို့ TNLAစစ်ဦးစီးချုပ် မှာ
- BVJ

- Jun 12
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၁၂၊ ၂၀၂၅

ရန်သူကို အမြဲတစေသတိရှိဖို့နဲ့ တအာင်းပြည်ကိုကာကွယ်သွားကြဖို့ TNLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားမှာ ရဲဘော်တွေကို မှာကြားပါတယ်။
ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးတာဟာ မိမိတို့တအာင်းပြည်ကို ကာကွယ်သွားကြဖို့နဲ့ ရဲဘော်တွေဟာ လူကြီးတွေရဲ့ အလုပ်တာဝန်ကိုပုခုံးလွှဲပြောင်းထမ်းဆောင်နိုင်ရမှာဖြစ်ကြောင်းနဲ့ သင်ကြားပေးတဲ့ပညာကို မမေ့ကြဖို့၊ အမိန့်နာခံတတ်ဖို့နဲ့ ရန်သူကို အမြဲတစေ သတိထားကြဖို့လိုအပ်ကြောင်းကို စစ်ဦးစီးချုပ်ကအမှာစကား ပြောခဲ့တာပါ။
စစ်သင်တန်းဆင်းပွဲကို အခုလ ၆ရက်က တအာင်းပြည်တနေရာမှာပြုလုပ်တာဖြစ်ပြီး အမျိုးသမီး (၁၆၅)ဦးနဲ့ အမျိုးသား(၆၅၇)စုစုပေါင်း (၈၂၂)ဦး တက်ရောက်ခဲ့ကြောင်း PSLF/TNLAက ဒီနေ့မှာ အသိပေးထုတ်ပြန်တာပါ။
သင်တန်းတက်ရောက်ထားတဲ့ သင်တန်းသားတွေအနေနဲ့ PSLF/TNLA အုပ်ချုပ်ထားတဲ့ မြို့ နယ် တွေနဲ့ ပြည်သူလူထုကိုကာကွယ်ပေးဖို့ တာဝန်ရှိကြောင်းကိုလည်း စစ်ဦးစီးချုပ်က ပြောပါတယ်။
သုံးလကျော်ကြာမြင့်တဲ့ အပတ်စဥ် (၆၇) စစ်ရေးသင်တန်းကို အမှတ်စဥ် (က)နဲ့ (ခ)ခွဲကာ တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေဖို့ အဓိကသင်တန်းပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းရဲဘော်တွေဟာ တအာင်းပြည်ရှိ မြို့နယ်အသီးသီးမှာ တာဝန်ထမ်းဆောင်သွားရမှာဖြစ်တယ်လို့ TNLAထုတ်ပြန်ချက်အရ သိရပါတယ်။
၁၀၂၇စစ်ဆင်ရေးအတွင်း TNLAက သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီကတရုတ်အကူအညီနဲ့ ပြန်တောင်းယူနေပြီး TNLAဘက်ကလည်း ပြန်လွှဲပေးမှာမဟုတ်ကြောင်း သတင်းစာရှင်းပွဲပြုလုပ် ကြေညာထားပါတယ်။
ဒါ့အပြင် လက်ရှိမှာ နောင်ချိုအပါအဝင်မြို့နယ်အချို့ကို စစ်ကောင်စီကစစ်ကြောင်းထိုး ထိုးစစ်ဆင်တာတွေလုပ်နေတာကြောင့် TNLAနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။







Comments