နျူကလီးယားစက်ရုံတွေ ကို အမေရိကန်ရဲ့တိုက်ခိုက်မှု မအောင်မြင်ဘူးလို့ အီရန်ခေါင်းဆောင် ပြော
- BVJ

- Jun 27
- 1 min read
BVJ/အေတီ _ ဇွန် ၂၇ ၊ ၂၀၂၅

အီရန် နျူကလီးယားစက်ရုံတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှု အောင်မြင်မှုမရခဲ့ဘူးလို့ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာခါမေနီက ပြောပါတယ်။ အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြောတဲ့ မိန်းခွန်းထဲမှာ အယာတိုလာခါမေနီက ပြောကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားအစီအစဉ် မပျက်စီးသွားဘဲ၊ ကာတာနိုင်ငံရှိ အမေရိကန်လေတပ်စခန်းကို အီရန် တိုက်ခိုက်ခဲ့မှုကသာ ထိရောက်ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေ နာလန်မထူနိုင်လောက်အောင် ထိခိုက်ပျက်စီးသွားပြီလို့ အမေရိကန်အစိုးရက ဆက်တိုက် ထုတ်ပြောလာပြီးနောက် အီရန်ဘက်က အခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။
အီရန်ခေါင်းဆောင်အယာတိုလာခါမေနီ မိန့်ခွန်းပြောပြီး နာရီပိုင်းအတွင်း ဇွန် ၂၆ ရက်နေ့မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟတ်ဆက်သ်နဲ့ လေတပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့က အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အမေရိန်ကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယား စက်ရုံတွေ လုံးဝနီးပါးပျက်စီးသွားကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
အီရန်မှာရှိတဲ့ နျူကလီးယားစီမံကိန်းနေရာ ၃ ခုကို အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၂ရက်နေ့က ပင်တဂွန်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အီရန်နျူကလီးယားစက်ရုံတွေ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသွားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟတ်ဆက်သ် နဲ့ လေတပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းနှစ်ဦးစလုံးက အခိုင်အမာပြောကြားခဲ့ပါတယ်။







Comments