ချွန်ဘူရီမှာ လူ(၅)ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ကိစ္စ ဝန်ကြီးချုပ်အနုတင် ပြင်းပြင်းထန်ထန်ရှုတ်ချ
- BVJ

- 5 days ago
- 1 min read
အီးကေ/BVJ_သြဂုတ် ၁၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာ ရုရှားမောင်နှမ(၂)ဦးနဲ့ ထိုင်းမိသားစု(၃)ဦးတို့ အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူလ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဝန်ကြီးချုပ်က "ဒီရာဇဝတ်ကောင်တွေရဲ့ လုပ်ရပ်ဟာ နိုင်ငံခြားသားတွေကိုတင်မဟုတ်ဘဲ ထိုင်းပြည်သူတွေတစ်ရပ်လုံးကိုပါသတ်လိုက်တာနဲ့အတူတူပဲ။ ကျွန်တော်တို့နိုင်ငံကို လာရောက်လည်ပတ်တဲ့ဧည့်သည်တွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးပစ်လိုက်တာမို့ ဒါဟာနိုင်ငံအတွက် အကြီးအကျယ်ထိခိုက်နစ်နာစေတယ်" လို့ ပြောပါတယ်။ သူက ဒီကိစ္စကိုပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဝန်ကြီးချုပ်အနုတင်ဟာ ရဲတပ်ဖွဲ့ချုပ်နဲ့အတူ ချွန်ဘူရီကိုကိုယ်တိုင်သွားရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုကြီးကြပ်ခဲ့ပါတယ်။ ဩဂုတ်လ (၁) ရက်နေ့က ရုရှားမောင်နှမ (၂) ဦးရဲ့ရုပ်အလောင်းတွေကိုမြုပ်နှံထားတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့သလို၊ အနီးနားက ထိုင်းမိသားစု(၃)ဦးကိုမြုပ်နှံထားတဲ့နေရာကိုပါ သွားရောက်ကြည့်ရှုခဲ့တာပါ။

တဖက်မှာလည်း Mongkutwattana ဆေးရုံအုပ်ကြီး ဒေါက်တာ Rienthong Nannaကတော့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အားနည်းနေတာနဲ့ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။ "သနားသင့်သူတွေကိုသနားရမှာပါ။ အခုလို လူ (၅) ဦးကိုသတ်ဖြတ်ခဲ့တဲ့လူမိုက်တွေကိုတော့ လုံးဝမသနားသင့်တော့ဘူး။ ပြစ်မှုကျူးလွန်နေကျသူတွေကို သေဒဏ်ပေးတာကသာအသင့်တော်ဆုံးပါ" လို့ သူက မှတ်ချက်ပေးပါတယ်။
သေဆုံးသွားတဲ့ ထိုင်းမိသားစုဝင်တွေထဲကတစ်ဦးရဲ့ ညီမဖြစ်သူကတော့ သူမတို့မိသားစုပျောက်ဆုံးနေချိန်ကတည်းက ရဲစခန်းနဲ့သက်ဆိုင်ရာတွေကို အကူအညီတောင်းခဲ့ပေမယ့် ထိရောက်တဲ့အရေးယူမှုမရခဲ့ကြောင်း မီဒီယာတွေကိုရင်ဖွင့်ခဲ့ပါတယ်။ နောက်ဆုံးတော့ ရုရှားမောင်နှမပျောက်ဆုံးမှုကို ရဲတပ်ဖွဲ့ စုံစမ်းရင်းကနေ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းတွေကိုပြန်ရှာတွေ့ခဲ့တာပါ။

အမှုနဲ့ပတ်သက်ပြီး Pong၊ Thong၊ Asadang နဲ့ Hatchananဆိုတဲ့သံသယရှိသူ(၄)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။ 'Thong' ရဲ့ ထွက်ဆိုချက်အရ လွန်ခဲ့တဲ့တစ်လလောက်က သူတို့(၄)ဦးဟာ ရဲအရာရှိအယောင်ဆောင်ပြီး မိသားစုကိုနေအိမ်ကနေဖမ်းခေါ်သွားကာ အုန်းခြံတစ်ခုမှာပစ်သတ်ခဲ့တာပါ။ အဆိုးရွားဆုံးကတော့ ဆယ်ကျော်သက်သမီးငယ်လေးဟာ အသတ်မခံရခင် လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတာဖြစ်ပါတယ်။
ဒီအမှုတွေပေါ်လာရတာကတော့ ရုရှားမောင်နှမနှစ်ဦးကိုသတ်ဖြတ်ခဲ့တဲ့ သံသယရှိသူ(၂)ဦးဖြစ်တဲ့ Thana နဲ့ Thongchaiတို့ကိုဖမ်းမိရာကနေစတာပါ။ သူတို့ဟာ ဆိုင်ကယ်တစ်စီးကိုလုယက်ဖို့အတွက် ရုရှားလူမျိုး Diana (၂၂ နှစ်) နဲ့ Roman (၁၇ နှစ်)တို့ကို ဇူလိုင် (၂၆) ရက်နေ့ကတည်းကသတ်ဖြတ်ပြီး တောထဲမှာမြုပ်နှံထားခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာနဲ့ (၂) ကီလိုမီတာလောက်ပဲဝေးတဲ့နေရာမှာတော့ ထိုင်းမိသားစု (၃)ဦးရဲ့ရုပ်အလောင်းတွေကိုထပ်တွေ့ခဲ့တာပါ။ လက်ရှိမှာတော့ သံသယရှိသူလေးဦးလုံးကို ပတ္တရားတရားရုံးကချုပ်ရက်တိုးမြှင့်ထားပြီး အမှုအတွက်ဆက်လက်စစ်ဆေးနေပါတယ်။



header.all-comments