နိုင်ငံတကာမျက်နှာစာမှာ ရပ်တည်ထောက်ခံပေးတဲ့တရုတ်ကို စစ်ခေါင်းဆောင်ကကျေးဇူးတင်နေ
- BVJ

- Jun 9
- 1 min read
BVJ/ ယူဂရင်း_ ဇွန် ၉၊ ၂၀၂၅

မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီဘက်က ရပ်တည်ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က ဇွန် ၈ရက်မနက်ပိုင်း နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောလိုက်တာပါ။
တရုတ်နိုင်ငံဟာ မိမိတို့နိုင်ငံအပေါ်မှာ စဉ်ဆက်မပြတ်အပြုသဘောဆောင်တဲ့ ထိတွေ့ဆောင်ရွက်မှု၊ စိတ်ကောင်း စေတနာနဲ့ အားပေးထောက်ခံမှုတွေအတွက်လည်း များစွာတန်ဖိုးထားကျေးဇူးတင်ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာတရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အရေးပါတဲ့ ပထဝီဝင်အနေအထားမှာရှိနေတာကြောင့် ပိုးလမ်းမစီမံကိန်းအပါအဝင် စီမံကိန်းတွေကို ဆောလျင်စွာ အကောင်အထည်ဖော်ဖို့နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြဖို့ဆိုပြီး စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။
တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်တွေ ပိုနက်ရှိုင်းစေရေးအတွက်လည်း တရုတ်ကို အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ လက်ရှိမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA, TNLAနဲ့AAတပ်ဖွဲ့တို့ကြား ငြိမ်းချမ်းရေးအတွက် ဦးဆောင်ညှိနှိုင်းပေးနေတာလည်းဖြစ်ပြီး လက်ရှိမှာ ၁၀၂၇စစ်ဆင်ရေးအတွင်း MNDAAက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို တရုတအကူအညီနဲ့ စစ်ကောင်စီကပြန်လည်ရရှိထားပါတယ်။
အခုလည်း TNLAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့တချို့ကို စစ်ကောင်စီဘက်ကပြန်လည်ရရှိရေးအတွက် တရုတ်ကဖိအားပေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်းကို TNLAကပြောထားပါတယ်။







Comments