ကျောင်းမတက်ရလို့ ငါးတန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်
- BVJ

- Jun 7
- 1 min read
BVJ/ထက်အောင် _ ဇွန် ၇ ၊ ၂၀၂၅

ကရင်နီ (ကယား)ပြည်နယ် လွိုကော်မြို့နယ် အရှေ့ခြမ်း စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ငါးတန်းကျောင်းသူတစ်ဦး ကျောင်းမတက်ရလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က Burma VJ ကို အတည်ပြုပြောပါတယ်။
လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ဘေးရှောင်နေရတဲ့ အသက် ၁၄ နှစ်အရွယ် ငါးတန်းကျောင်းသူ မိန်းကလေးကို ကျောင်းထွက်ဖို့ မိဘတွေက ပြောဆိုခဲ့ဖူးသလို ပညာသင်ကြားရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပေးနိုင်ခဲ့တာမျိုးလည်း မရှိဘူးလို့လည်း သိရပါတယ်။
“ကလေးမလေးက ကျောင်းတက်ပျော်ပြီး စာလည်းတော်တယ်။ ကလေးရဲ့ မိဘတွေက အဆင်မပြေတော့ ကျောင်းထွက်ဖို့ သူတို့သမီးကို ပြောဖူးတယ်လို့ သိရတယ်။ လွိုင်ကော်မြို့နယ်အရှေ့ခြမ်း လွိုင်ကော် - ပွန်ချောင်း ကားလမ်းဘေးက စစ်ရှောင်စခန်းငယ်လေးတစ်ခုကပါ” လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။
ကျောင်းတက်ရဖို့ အခက်အခဲတွေ ကြုံခဲ့ရတဲ့ ငါးတန်းကျောင်းသူ မိန်းကလေးဟာ သူမသေဆုံးမီမှာ စာတစ်စောင်ရေးသားခဲ့ပြီး စာထဲမှာ (မူရင်းအရေးအသားအတိုင်း) “…. သမီး ကျောင်းတက်ချင်လို့ အမေ ဟိုဟာဝယ်ခဲ့လို ပေဆံမရှိတဲ့အတွက် သမီးကိုမဝယ်ပေးနိုင်တာ အကို အရမ်းချစ်ရတဲ့အကို ညီမအပေါ် လုပ်ကျွေးခဲ့တဲ့ အတွက် ကျေးဇူးအများကြီး တင်သည်။ ငါ့သူငယ်ချင်းတွင် ဆရာမများတွင် ကျွန်မကို စာသင်ပေးတဲ့ အကျေးဇူးတင်တယ်လို့ ပြောပေးပါ။ …. အကို ညီမလေး ကျောင်းတက်ဖို့ ဘယ်သူမှ ခွင့်မလွှတ်ပေးတော့ဘူးပေါ့ ညီမလေးအရမ်းပင်ပန်းနေပီ အမေ သမီးသွားတော့မယ် Love famile အဖေက အရင်လိုမျိုး မစိုးပါနဲ့လို့ သမီး ဆုတောင်း ပါတယ်” လို့ ရေးသားထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြေင့် ကရင်နီပြည်နယ်အတွင်း ကျောင်းအများစုဟာ ကိုယ်ထူကိုယ်ထရုန်းကန်နေကြရပြီး စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ကြားမှုတွေရှိနေပေမဲ့ ပညာရေးအတွက် အထောက်အပံ့လိုအပ်ချက်တွေများပြီး အပြည့်အဝ မထောက်ပံ့ပေးနိုင်သေးဘူးလို့လည်း သိရပါတယ်။
“IEC ပညာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ မြို့နယ်ပညာရေးမှူးတို့က မိဘတွေအပါအဝင် လူမှုရေးအသင်းအဖွဲ့/ပညာရေးအင်အားစုတွေနဲ့ ပုံမှန် ပေါင်းစပ်ညှိနှိုင်းပြီး ဆရာ ဆရာမ ထောက်ပံ့ကြေးတွေနဲ့ လိုအပ်တဲ့ သင်ထောက်ကူတွေကို တတ်နိုင်သမျှ ဝိုင်းဝန်းဖြည့်ဆည်းကြပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေက ကြီးမားလွန်းတော့ ထောင့်စေ့အောင် ပံ့ပိုးမှုတွေ မလုပ်နိုင်ဘူး” လို့ ခူးပလုရယ်က ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုတွေနဲ့ အရေးပေါ်ဝန်ဆောင်မှု ပြတ်တောက်ခြင်းတွေကြောင့် မြန်မာနိုင်ငံတွင်း ကလေးငယ် ၅ သန်းနီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးနေတယ်လို့ UNICEF မြန်မာက ၂၀၂၅ ဖေဖော်ဝါရီ ၅ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပညာသင်ယူရမှုအခွင့်အလမ်းလျော့နည်းလာတာ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရတာ၊ အသက်မပြည့်မီ အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရတာ၊ ကလေးလုပ်သားအဖြစ် အသုံးချခံနေရတာ စတဲ့ ပြင်းထန်တဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ကြုံတွေ့နေရတယ်လို့ UNICEF မြန်မာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။





Comments