NUGတပ်ကဖမ်းဆီးထားတဲ့ စစ်ကိုင်းPDFခေါင်းဆောင် ပြန်လွတ်လာ
- BVJ

- Jun 30
- 1 min read
မိုနာ/BVJ_ဇွန် ၃၀၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUGတပ်ကဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ကိုင်းPDF)ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် မနေ့က ဇွန် ၂၉ရက်မှာပြန်လည်လွတ်မြောက်လာပြီလို့ နီးစပ်သူဆီကသိရပါတယ်။
ကိုစစ်ငြိမ်းနိုင်ကို အမှတ်-၁စစ်ဒေသမှူးကတွေ့ချင်တယ်ပြောကာ ကသာခရိုင်ကွပ် ဒူချွန် ဇော်ဆိုင်းက အခုလ ဇွန် ၁၅ရက်ကခေါ်ဆောင်သွားပြီးနောက်မှာ တပ်ရင်းနဲ့အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး မနေ့ကညပိုင်းမှာတော့ ဖမ်းဆီးခေါ်သွားတဲ့စစ်ဒေသရုံးကနေပြန်လွတ်လာတာဖြစ်တယ်လို့ ကိုစစ်ငြိမ်းနိုင်နဲ့နီးစပ်သူက Burma VJကိုအတည်ပြုပြောပါတယ်။
ကိုစစ်ငြိမ်းနိုင်နဲ့အတူရဲဘော်သုံးယောက်လည်း ဖမ်းဆီးခံထားရတာဖြစ်ပြီး လွတ်မြောက်လာတဲ့ထဲမှာတော့ ရဲဘော်တွေပါဝင်လာတာရှိမရှိမသိရသေးပါဘူး။
အခု ဇွန်လ ၂၈ရက်မှာ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မနေ့က ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။
သုံးနာရီကြာအစည်းအဝေးကို NUCCကောင်စီဝင်တွေ၊ NUG ကာကွယ်ရေးဝန်ကြီးနဲ့အစိုးရအဖွဲ့ဝင်တွေတက်ရောက်ပြီး အစည်းအဝေးအတွင်းမှာ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခတွေနဲ့စပ်လျဉ်းတဲ့အခြေအနေတွေကို မျှဝေခြင်း၊ မေးမြန်းဆွေးနွေးခြင်းနဲ့အကြံပြုခြင်းတွေပြုလုပ်ခဲ့ကြောင်းနဲ့ NUCCအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေအရ ကူညီညှိနှိုင်းနိုင်မယ့်အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အခုအစည်းအဝေးမတိုင်ခင်မှာလည်း NUCCအနေနဲ့ SRF, PLA, 96 Soldiersနဲ့ စစ်ကိုင်း PDF အဖွဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
SRF, PLA, 96 Soldiersနဲ့ စစ်ကိုင်း PDFတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းတချို့နဲ့ရဲဘော်တွေကို NUGကာကွယ်ရေးဝန်ကြီးဌာနအောက်ကတပ်တွေက ဖမ်းဆီးထိန်းသိမ်းထားသလို အချင်းချင်းကြားမြေပြင်ပဋိပက္ခဖြစ်ပွားနေတဲ့တပ်ဖွဲ့တွေလည်း ပါဝင်ပါတယ်။
NUCCနဲ့NUGဆွေးနွေးမှုအပြီးမှာတော့ ကိုစစ်ငြိမ်းနိုင်ပြန်လည်လွတ်မြောက်လာပြီး ကျန်တဲ့အဖွဲ့တွေကလွတ်မြောက်လာခြင်းရှိမရှိ မသိရသေးပါဘူး။




Comments