နွေဦးတော်လှန်ရေးမှာ ကျောင်းသားလူငယ်တွေရဲ့အခန်းကဏ္ဍ NUGထုတ်ပြော
- BVJ

- Jul 7
- 1 min read
ယူဂရင်း/BVJ_ဇူလိုင် ၇၊ ၂၀၂၆

မျိုးဆက်သစ် ကျောင်းသားလူငယ်တွေရဲ့ စုစည်းညီညွတ်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် စစ်အာဏာရှင်ယန္တရားပျက်ဆီးယိုယွင်းလာနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဒီနေ့ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာဖော်ပြလာပါတယ်။
နွေဦးတော်လှန်ရေးကြီးမှာ ကျောင်းသားသမဂ္ဂမျိုးဆက်အသီးသီးအပါအဝင် ကျောင်းသား လူငယ်တွေဟာ စာသင်ခန်းတွေ၊ တက္ကသိုလ်နယ်မြေတွေကိုစွန့်ခွာပြီး ကျရာတာဝန်တွေကို ပြည်သူလူထုနဲ့အတူ ရှေ့တန်းကနေမားမားမတ်မတ်ရပ်တည်ပြီး ဆဲဗင်းဂျူလိုင်ကပေးအပ်ခဲ့တဲ့မပြီးဆုံးသေးတဲ့သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိနေကြတာကိုလည်း ဂုဏ်ယူလေးစားဖွယ်တွေမြင်ရတယ်လို့ NUGကပြောထားပါတယ်။
"ကျောင်းသားလူငယ်များသည် တိုင်းပြည်၏ အရေးအကြီးဆုံးသော အရင်းအမြစ်များ ဖြစ်သကဲ့သို့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များ ဖြစ်သည့်အတွက် လူငယ်တို့၏ အခန်းကဏ္ဍသည် အထူးအရေးပါလှပါသည်"လို့ NUGသဝဏ်လွှာမှာဖော်ပြပါတယ်။

ဒါ့အပြင် NUGအနေနဲ့ တရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးလွတ်မြောက်ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီအရေးယူနိုင်ရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ကတိပြုထားပါတယ်။

တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ကျောင်းသားလူငယ် အပေါင်းတို့လည်း ဆဲဗင်းဂျူလိုင်တော်လှန်ရေးစိတ်ဓာတ်ကိုဆွဲကိုင်ရင်း အာဏာရှင်စနစ်မှန်သမျှအပြီးတိုင်ချုပ်ငြိမ်းပြီး လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံတဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဆက်လက်ချီတက်ဖို့ကို တိုက်တွန်းထားပါတယ်။
ဒီနေ့ ဇူလိုင်၇ရက်နေ့မှာကျရောက်တဲ့ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်နေ့ကို ရန်ကုန်အပါအဝင် လွတ်မြောက်ဒေသအချို့မှာ လှုပ်ရှားဆန္ဒပြမှုတွေကို ကျောင်းသားလူငယ်တွေဦးဆောင်ပြီးပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့၊ရွှေဘို၊ကလေးမြို့တို့မှာ ဆဲဗင်းဂျူလိုင်နေ့လှုပ်ရှားမှုများ(ဓါတ်ပုံ-GSCB)




Comments