NUG PDF ကနေ နုတ်ထွက်ပြီး MLA နဲ့ အလုံးစုံပူးပေါင်းကြောင်း ဂဠုန်စစ်ကြောင်း ကြေညာ
- BVJ

- Feb 11
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်ကနေ နုတ်ထွက်ခဲ့တဲ့ ဂဠုန်စစ်ကြောင်းဟာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နဲ့ အလုံးစုံပူးပေါင်းလိုက်ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့တွေက မနေ့က ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းမှာ ကြေညာပါတယ်။
၂၀၂၂၊ မတ်လ ၂၅ ရက်ကနေစတင်ကာ NUG MOD အမှတ် ၂စစ်ဒေသ၊ စစ်ဒေသခွဲ ၃ရဲ့ ကွပ်ကဲမှုအောက်မှာ ဂဠုန်စစ်ကြောင်းအဖြစ်စတင်ခဲ့ပြီး ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့တာကြောင့် ၂၀၂၄ နိုဝင်ဘာမှာ နုတ်ထွက်ခွင့်တင်ပြခဲ့ကြောင့်းနဲ့ အခုနှစ် ဇန်နဝါရီ ၂၉ရက်မှာ ထွက်ဖို့တရားဝင်ခွင့်ပြုချက်ကျလာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကွပ်ကဲမှုအောက်ကနေ ထွက်ပြီလို့ ကြေညာခဲ့ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ စစ်ရေးဖော်ဆောင်မှုတွေဆက်လုပ်ဖို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)နဲ့ အခုလ ၁ရက်နေ့စတင်ပြီး အလုံးစုံပူးပေါင်းကာ MLA ရဲ့ COC အောက်ကနေ ဆက်သွားမယ်လို့ ဂဠုန်စစ်ကြောင်းကကြေညာပါတယ်။
မွန်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးရင် တခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း တိုင်းရင်းသားမဟာမိတ်တွေနဲ့ပူးပေါင်း တိုက်ပွဲဖော်ဆောင်မယ်လို့ ပြောထားပါတယ်။
နိုင်ငံရေး၊စစ်ရေးတွေပိုဖော်ဆောင်နိုင်ဖို့အတွက် KNUတပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးဖော်ဆောင်မှုတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂဠုန်စစ်ကြောင်းနဲ့အလုံးစုံပူးပေါင်းလိုက်ကြောင်းကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
NUG MODအောက်ကနေ ဂဠုန်စစ်ကြောင်း တိုက်ခိုက်ရေးတပ်ခွဲတွေ၊ Galon Drone 2 ဒရုန်းတပ်ဖွဲ့၊ Spring UAV force G3 ဒရုန်းတပ်ဖွဲ့၊ တပ်ထောက်တပ်ဖွဲ့၊ ပြန်ကြားရေးတပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ရုံးတပ်ဖွဲ့တွေ အားလုံးနှုတ်ထွက်ခဲ့တာဖြစ်ပြီး MODကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်ချိန်မှာ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲ၊ ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲ၊ ချောင်းနှစ်ခွတိုက်ပွဲ၊ ကမ်းနီတိုက်ပွဲတွေနဲ့ ကရင်ဒေသတွင်းက တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း ဂဠုန်စစ်ကြောင်းက ရဲဘော် အယောက်(၂၀)ကျဆုံးခဲ့ပြီး ရဲဘော်(၅)ယောက်ဟာ ကိုယ်လက်အင်္ဂါတွေစွန့်လွှတ်ခဲ့ရတယ်လို့လည်း ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။











Comments