NUG ကာကွယ်ရေးအတွင်းဝန် တာဝန်ကနေ အနားယူ
- Zayar Oo
- Feb 10
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ တာဝန်တွေအားလုံးကနေ အနားယူလိုက်ပြီလို့ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကသူ့ရဲ့ လူမှုကွန်ရက်ကနေ မနေ့က ဖေဖော်ဝါရီ၉ရက် ည ၁၁နာရီကျော်မှာ အသိပေးထားပါတယ်။
တာဝန်ကနေ အနားယူပေမယ့် တော်လှန်ရေးကနေတော့ အနားမယူဘူးလို့လည်း ပြောထားပါတယ်။
“MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်”လို့ ဦးနိုင်ထူးအောင်က ပြောထားတာပါ။
အခုရက်ပိုင်းမှာ NUG MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFတပ်ရင်းတချို့ဟာ NUG အောက်ကနေနှုတ်ထွက်တာတွေရှိနေတာကြောင့် ဦးနိုင်ထူးအောင်တာဝန်ကနေနှုတ်ထွက်ခြင်းဟာ ဒီကိစ္စတွေနဲ့ပတ်သက်မှုရှိနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
တာဝန်ကနေနှုတ်ထွက်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး သိရဖို့အတွက် ဦးနိုင်ထူးအောင်ကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဦးနိုင်ထူးအောင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLDပါတီရဲ့ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့သူဖြစ်ပြီး ၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ပါတယ်။







Comments