ဗိုလ်ချုပ်ရုပ်ထုတွေကို စစ်အုပ်စုဖျက်ဆီးနေတဲ့အပေါ် NLDကန့်ကွက်
- BVJ

- Jul 8
- 1 min read
ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်မယ်ဆို
ယူဂရင်း/BVJ_ဇူလိုင် ၈၊ ၂၀၂၆

စစ်အုပ်စုက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုလိုက်လံဖျက်ဆီးဖြိုချပစ်နေတဲ့အပေါ်မှာ ကန့်ကွက်ရှုတ်ချပြီး အမိန့်ပေးခိုင်းစေသူတွေနဲ့ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDက ဒီနေ့ ဇူလိုင် ၈ရက်မှာကြေညာပါတယ်။
နိုင်ငံတဝန်းကအများပြည်သူဆိုင်ရာပန်းခြံတွေနဲ့ လမ်းဆုံလမ်းခွတွေမှာစိုက်ထူထားခဲ့တဲ့ လွတ်လပ်ရေးဖခင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့စည်ပင်သာယာရေးဝန်ထမ်းတွေဟာ ညအမှောင်မှာလိုက်လံဖြိုချဖျက်ဆီးနေတာဖြစ်ပြီး လက်ရှိမှာ ဖြိုချဖျက်ဆီးခံရတဲ့ရုပ်ထု(၁၀)ခုကျော်ရှိနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနဲ့အခုဇူလိုင်လအတွင်းမှာပဲ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့မကွေးတိုင်းတို့က ဗိုလ်ချုပ်ကြေးရုပ် (၈)ခုထက်မနည်း ဖယ်ရှားရှင်းလင်းခံခဲ့ရပြီး ဖယ်ရှားရှင်းလင်းချိန်ဟာ ညသန်းခေါင်ချိန်တွေမှာဖြစ်တယ်လို့သိရပါတယ်။
NLD ရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာ"ထိုဖြိုချဖျက်ဆီးမှုများသည် အများပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်း၏သင်္ကေတနှင့် အထောက်အထားများကိုဖျက်ဆီးနေခြင်းဖြစ်သည်သာမက ပြည်သူလူထု၏ယုံကြည်ချက်နှင့် မျှော်လင့်ချက်များကိုပါ ရည်ရွယ်ချက်ရှိရှိရိုက်ချိုးဖျက်ဆီးနေခြင်းပင်ဖြစ်သဖြင့် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်"လို့ ပြောထားပါတယ်။
ညွှန်ကြားသူနဲ့ပူးပေါင်းပါဝင်သူတွေဟာ အများပိုင်ပစ္စည်းကိုဖျက်ဆီးခြင်း၊ မြန်မာ့သမိုင်း သင်္ကေတ၊ အထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကိုဖျက်ဆီးနေခြင်းဖြစ်တာကြောင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း NLDကသတိပေးထားပါတယ်။

စစ်အုပ်စုဟာ ဗိုလ်ချုပ်ရုပ်ထုတွေကို လာမယ့် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမတိုင်မီမှာအပြီးသတ်ဖယ်ရှားမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပြီး ဗိုလ်ချုပ်ရုပ်ထုတွေနည်းတူ ရန်ကုန်၊NLD ပါတီဌာနချုပ်က ပါတီအမှတ်တံဆိပ်တွေကို ပြီးခဲ့တဲ့လ ဇွန် ၁၃ရက်မှာဖယ်ရှားခဲ့ပြီး တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄)က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ခြံတံခါးထိပ်မှာချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့ဆိုင်းဘုတ်ကိုလည်း ဇွန် ၁၄ရက်မှာ ဖြုတ်ချခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်ဒြပ်တွေကို အလေးဂရုပြုတန်ဖိုးထားတဲ့အနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ၊ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတည်ဆောက်ရေးလုပ်ငန်းတွေကို ဥပဒေပါ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပူးပေါင်းပါဝင်ခဲ့တာဖြစ်တယ်လို့ NLDရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။




Comments