MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
- Zayar Oo
- Jan 2
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသတွင်း နေအိမ်အဆောက်အအုံအချို့နဲ့ ရေပိုက်လိုင်း၊ လျှပ်စစ်မီးတိုင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့ ဇန်နဝါရီ ၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မနေ့က ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီဝန်းကျင်မှာ သိန္နီမြို့ လူနေရပ်ကွက်တွေကိုပစ်မှတ်ထားကာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေက ကယ်ဆယ်ရေးသွားရောက်လုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ရပ်ကွက် ၃ သိန္နီဟိုတယ် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၄ ရက်က လားရှိုးမြို့နယ် နမ့်ပေါင်ရွာနဲ့ သံလွင်စံပြကျေးရွာတို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် ယခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကို ထပ်မံလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေရတယ်လို့လည်း MNDAA က ဖော်ပြထားပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့က စေ့စပ်ဆွေးနွေးညှိနှိုင်းရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို တောက်လျှောက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၇၄၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၀၀ နီးပါး သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ စစ်ရေးပဋိပက္ခကို လေ့လာစောင့်ကြည့်နေတဲ့ (Myanmar Peace Monitor) ကလည်း ထုတ်ပြန်ထားပါတယ်။







Comments