မင်နီယာပိုလစ်မှာ အမေရိကန်နိုင်ငံသားတစ်ဦး ထပ်မံပစ်သတ်ခံရ
- BVJ

- Jan 26
- 1 min read
BVJ_ဇန်နဝါရီ ၂၅၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ စနေ နေ့ (ဇန်နဝါရီ ၂၄ ရက်)က ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့် ICE တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် Alex Pretti ဆိုတဲ့ သူနာပြုတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
Alex Prettiဟာ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး၊ အမေရိကန်သမ္မတဒေါ်ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေးစစ်ဆင်ရေးအတွင်း မင်နီယာပိုလစ်မြို့မှာ ဒုတိယမြောက်သေဆုံးခဲ့ရတဲ့သူဖြစ်ပါတယ်။
အမေရိကန်ပြည်ထဲရေးဌာနကထုတ်ပြန်ချက်ထဲမှာတော့ အဲလက်စ်လက်ထဲမှာ သေနတ်ကိုင်ဆောင်ထားတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အချိန်မှာ ICE အေးဂျင့်က "ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့ရတယ်"လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်ထဲမှာ ဆန္ဒပြအမျိုးသမီးတစ်ဦးကို အဲလက်စ်က ကာကွယ်ဖို့ကြိုးစားနေတဲ့အချိန် ICEအေးဂျင့်တွေက သူ့ကို လမ်းမပေါ်ဆွဲလှဲပြီး အနီးကပ်ရောအဝေးကပါ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကို တွေ့မြင်ရပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကလည်း အမေရိကန်နိုင်ငံသူ ရီနေးဂွတ် (Renee Good) ဆိုတဲ့အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အတွက် မင်နီယာပိုလစ်မြို့မှာ ICE အဖွဲ့လက်ချက်ကြောင့် နှစ်ပတ်ကျော်အတွင်း အမေရိကန်နိုင်ငံသားနှစ်ယောက် သေဆုံးသွားပြီဖြစ်ပါတယ်။
ဗီဒီယိုခရက်ဒစ်- MPR NEWS
သတိပေးချက်- အောက်ပါဗီဒီယိုမှာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော ရုပ်ပုံများ ပါဝင်ပါတယ်။




Comments