ကျောက်ဖြူမှာ အာရက္ခတပ်တော်ထိုးစစ် ဓညဝတီရေတပ်ဌာနချုပ်အနီးအထိရောက်လာ
- BVJ

- Jan 23
- 1 min read
BVJ/ဂျိုး_ဇန်နဝါရီ ၂၃၊၂၀၂၆

ရခိုင်တောင်ပိုင်း၊ကျောက်ဖြူမြို့နယ်အတွင်းက စစ်အုပ်စုနဲ့အာရက္ခတပ်တော်-AAကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုရဲ့ ဓညဝတီရေတပ်ဌာနချုပ်အနီးအနားက ကျေးရွာတွေအထိရောက်ရှိလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက ပြားကျွိန်ချောင်းဖျားကျေးရွာနဲ့ချောင်းမြောင်ကျေးရွာဘက်တွေမှာ နှစ်ဘက်တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“တိုက်ပွဲကတော့ သိပ်ပြင်းပြင်းထန်ထန်ဖြစ်နေတာတော့မဟုတ်ဘူး။ ချောင်းမြောင်ဘက်တွေမှာဖြစ်တာရှိတယ်။ဟိုဘက်ကတော့ ဒရုန်းတွေနဲ့လာရောက်ဗုံးကြဲတာ ရေတပ်ကနေလက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတာရှိတယ်”
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကျေးရွာတွေဟာ စစ်အုပ်စုရဲ့ ဓညဝတီရေတပ်ဌာနချုပ်တည်ရှိတဲ့ သစ်ပုတ်တောင်းကျေးရွာနဲ့ ၆မိုင်လောက်အကွာရှိတာလည်းဖြစ်ပါတယ်။
ချောင်းမြောင်းကျေးရွာနဲ့ပြားကျွိန်ချောင်းဖျားကျေးရွာတွေမှာရှိတဲ့ အာရက္ခတပ်တော်-AAတပ်ဖွဲ့တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တွေကို စစ်အုပ်စုရဲ့ ဝါဒဖြန့်တယ်လီဂရမ်အကောင့်တွေမှာ တင်ထားတာလည်းရှိပါတယ်။
စစ်အုပ်စုထုတ်ပြန်ထားတဲ့ရုပ်သံဖိုင်တွေထဲမှာ ကတုတ်ကျင်းတွေမှာ ပုန်းအောင်းနေတဲ့ AAတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးတွေကြဲချခဲ့တာဖြစ်ပြီး တပ်သားတချို့ ထိခိုက်ဒဏ်ရာရတာတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုအနေနဲ့ ပြားကျွိန်ချောင်းဖျားကျေးရွာအတွင်းက နေအိမ်တွေပေါ်ကိုလည်း ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်တော်တော်များများ မီးလောင်ပျက်စီးနေတာတွေ့ရပါတယ်။
တဆက်တည်းမှာပဲ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်သားတွေနဲ့စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်း စစ်အုပ်စုကလေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတာလည်းဖြစ်ပါတယ်။
အာရက္ခတပ်တော်-AAဘက်ကတော့ ကျောက်ဖြူတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းတစုံတရာထုတ်ပြန်တာမရှိသေးသလို မီဒီယာတွေမှာပြောဆိုတာမျိုးလည်းမရှိသေးပါဘူး။







Comments