မော်စကိုမြို့က စားသောက်ဆိုင်တဆိုင်ဗုံးပေါက်ကွဲပြီး လူ ၃ ဦးသေဆုံး
- BVJ

- 6 days ago
- 1 min read
သူရ/BVJ_သြဂုတ် ၂၊ ၂၀၂၆

ရုရှားနိုင်ငံ၊မော်စကိုမြို့က အီတလီစားသောက်ဆိုင်တစ်ခုမှာ အိမ်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူ ၃ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာတွေက လုံခြုံရေးအရာရှိတွေကို ကိုးကားပြီးဖော်ပြလာပါတယ်။
ဒီပေါက်ကွဲမှုဟာ မနေ့ည ဒေသစံတော်ချိန် ည ၈ နာရီလောက် (ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီ)မှာမြို့လယ်ခေါင်နားက ကုဒ်ရင်းစကားယားရင်ပြင် (Kudrinskaya square)မှာဖြစ်ပွားခဲ့တာပါ။
ရုရှား အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီရဲ့ ပြောပြချက်အရတော့ အမျိုးသမီးတစ်ယောက်ကဗုံးကိုသယ်ပြီး စားသောက်ဆိုင်ထဲဝင်ဖို့ကြိုးစားတာကို လုံခြုံရေးဝန်ထမ်းကတားဆီးခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ဗုံးသယ်လာတဲ့အမျိုးသမီး၊ တားဆီးခဲ့တဲ့ လုံခြုံရေးဝန်ထမ်းနဲ့ ပုဂ္ဂလိကပွဲတစ်ခုအတွက်ရောက်ရှိနေတဲ့ ဧည့်သည်တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
အာဏာပိုင်တွေဘက်ကတော့ ဘယ်သူ့ကိုပစ်မှတ်ထားတာလဲဆိုတာကို အတိအကျမပြောသေးပေမယ့် မော်စကိုမြို့ခံအများစုကတော့ ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်နေလိမ့်မယ်လို့ သံသယရှိနေကြပါတယ်။ မကြာသေးတဲ့နှစ်တွေအတွင်းမှာလည်း ရုရှားစစ်ဘက်ဆိုင်ရာအကြီးအကဲတချို့ မော်စကိုမြို့နဲ့ ပတ်ဝန်းကျင်မှာလုပ်ကြံခံခဲ့ရဖူးပြီး ဒီတိုက်ခိုက်မှုတွေအတွက် မော်စကိုက ကိယက်ဗ်ကို အပြစ်တင်ထားတာပါ။
အစောပိုင်းသတင်းတွေမှာတော့ စားသောက်ဆိုင်မီးဖိုချောင်မှာပေါက်ကွဲတာလို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စားသောက်ဆိုင်ဘက်က "ပြဿနာက အပြင်ဘက်မှာ ဖြစ်ခဲ့တာပါ" လို့ထုတ်ပြန်ခဲ့ပါတယ်။
ဒီစားသောက်ဆိုင်ဟာ မော်စကိုမြို့ရဲ့ နာမည်ကြီး စတာလင်ခေတ် အဆောက်အအုံတစ်ခုမှာတည်ရှိတာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် ရင်ပြင်ပတ်လည်လမ်းတွေကို ခေတ္တပိတ်ထားခဲ့ပါတယ်။ အဲဒီနားမှာ မြို့တွင်းစီးနင်းဖို့ စုဝေးနေတဲ့ စက်ဘီးစီးသမားတွေလည်းရှိနေခဲ့ပေမယ့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ရပါတယ်။
ရုရှားသတင်းဌာန RIAကထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ထဲမှာတော့ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ပိတ်ဆို့စစ်ဆေးနေတာကို တွေ့ရပါတယ်။
ခရက်ဒစ်-ဘီဘီစီ



Comments