KTV ဖွင့်ပြီး ဗကသများအဖွဲ့ချုပ်အတွက် ဘဏ္ဍာငွေရှာဖို့ကြိုးစားရာကနေ ထုတ်ပယ်ခံရတဲ့အပေါ် ကာယကံရှင်တုံ့ပြန်
- Zayar Oo
- Jan 7
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၇ ၊ ၂၀၂၅

ဘဏ္ဍာငွေရှာဖို့ရည်ရွယ်ချက်နဲ့ KTV ဖွင့်ဖို့ကြိုးပမ်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကို တာဝန်ကနေ ထုတ်ပယ်လိုက်ပါတယ်။
KTV ဖွင့်ဖို့ကြိုးပမ်းတဲ့လုပ်ရပ်ဟာ ဗကသများအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း၊ ဂုဏ်သိက္ခာကို ချိုးဖောက်ညှိုးနွမ်းစေတဲ့အတွက် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ရဲ့ မနေ့က ဇန်နဝါရီ ၆ ရက်ထုတ် ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီလိုထုတ်ပယ်လိုက်တဲ့အပေါ်မှာ ထုတ်ပယ်ခံလိုက်ရတဲ့ ကာယကံရှင် ကိုအောင်ပြည့်စုံဖြိုးက သူ့ရဲ့လူမှုကွန်ရက် (Facebook) ကနေ အခုလိုတုံ့ပြန်ပြောထားပါတယ်။
“အမှားလုပ်မိတာမလို့ အဖွဲ့အစည်းက ဒီလိုအရေးယူတာကို ကျေကျေနပ်နပ်လက်ခံပါတယ်။
ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်ရင်းနှီးပါစေ အလုပ်နဲ့ပတ်သက်ရင် ပြတ်ပြတ်သားသား ကိုင်တွယ်တတ်တဲ့ ရဲဘော်တွေအတွက် ကျနော်ဂုဏ်ယူပါတယ်။ ၂၀၁၇ ကနေ စတင်ခဲ့တဲ့ ဆယ်စုနှစ်တခုစာနီးပါရှိတဲ့ တန်ဖိုးတခုကို မကျော်သင့်တဲ့စည်း ကျော်မိတာကြောင့် ဆုံးရှုံးလိုက်ရပါတယ်”
ဒါ့အပြင် သူ့ကြောင့်မျက်နှာပျက်စေတဲ့အတွက် ရဲဘော်တွေကိုလည်း တောင်းပန်ထားပါတယ်။
“ကျနော့ကြောင့် အဖွဲ့အစည်းဖြစ်တာမဟုတ်ပါ။ အဖွဲ့အစည်းကြောင့် ကျနော်ဖြစ်လာတာပါ။ အမှားကိုလက်ခံကာ ပြစ်ဒဏ်ကိုလိုက်နာပြုပြင်ပြီး ဒီတော်လှန်ရေးကို ဘယ်လိုနည်းနဲ့မှ စွန့်ခွာမှာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ ဒီလောက်နဲ့ ပြိုလဲရင် ဆုံးရှုံးခဲ့ရတာတွေအတွက် ဘယ်တန်ပါ့မလဲ။ပြုပြင်ပြီးရင် ပြန်လာခဲ့ပါမယ်။ ရဲဘော်တို့ကို မျက်နှာပျက်စေတဲ့အတွက် တောင်းပန်ပါတယ်”လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌတာဝန်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ကိုအောင်ပြည့်စုံဖြိုးက ဒီမနက်ပိုင်းမှာ ရေးထားပါတယ်။
ဗကသများအဖွဲ့ချုပ်ကနေ ကိုအောင်ပြည့်စုံဖြိုးကို ထုတ်ပယ်လိုက်တဲ့အပေါ်မှာ ဝေဖန်မှုတွေလည်းရှိနေသလို ထောက်ခံနေသူတွေလည်းရှိနေပါတယ်။ ဒါ့အပြင် ကိုအောင်ပြည့်စုံဖြိုးရဲ့ အခုလိုတာဝန်ယူတဲ့လုပ်ရပ်အပေါ်မှာလည်း ချီးကျူးမှုတွေရှိနေကြပါတယ်။
ကိုအောင်ပြည့်စုံဖြိုးအနေနဲ့ KTV လုပ်ငန်းနဲ့ပတ်သက်မှုကို တစ်ပါထဲ စွန့်ပယ်ဖို့နဲ့ လုပ်ငန်းက ရရှိလာတဲ့ငွေကြေးကိုလည်း ဗကသ ဘဏ္ဍာငွေအဖြစ် အသုံးပြုမှာမဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်က ဖော်ပြပါတယ်။
ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုအောင်ပြည့်စုံဖြိုးနဲ့အတူ အဲ့ဒီကိစ္စမှာ ဆက်စပ်ပတ်သက်ခဲ့တဲ့ ဗဟိုစည်းရုံးရေးကော်မတီ၊ ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကိုလည်း ထုတ်ပယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။







Comments