စစ်အုပ်စုက ကျားဖြန့်ဂိုဏ်းတွေကိုဟန်ပြဖြိုခွင်းပြပြီးနောက် ကျားဖြန့်တွေဒေသတွင်းပိုမိုပြန့်ပွားလာဟု KNUထုတ်ပြန်
- BVJ

- Jul 31
- 1 min read
ယူဂရင်း/BVJ_ဇူလိုင် ၃၁၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုဟာ ကျောက်ခက်ဒေသကအွန်လိုင်းငွေလိမ်လောင်းကစားတွေကို ဝင်ရောက်ဖမ်းဆီးနှိမ်နှင်းတယ်လို့ဆိုထားပေမယ့် အဲ့ဒါဟာအမှန်တကယ်မဟုတ်ဘဲ နိုင်ငံတကာအာရုံစိုက်အောင်ဟန်ပြလုပ်နေတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ဒီနေ့ ဇူလိုင် ၃၁ရက် မနက်မှာထုတ်ပြန်ကြေညာပါတယ်။
KNUက ထိုင်း-မြန်မာနယ်စပ်တခွင်လှုပ်ရှားလာတဲ့ အသွင်ပြောင်းကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်လက်ပြန့်နှံ့လာတဲ့ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး သတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။
KNUရဲ့ထုတ်ပြန်ချက်ထဲမှာ စစ်အုပ်စုဝင်စီးပြီးဖမ်းတယ်ဆိုတဲ့ ကျောက်ခက်ဒေသကကျားဖြန့်ငွေလိမ်လုပ်ငန်းတွေဟာ ကျောက်ခက်နဲ့မဆိုင်ဘဲ ကျောက်ခက်ကနေ ၃၆မိုင်ကွာဝေးတဲ့ဖလူးလေးတောင်ကြောရဲ့ အနောက်ဖက်ခြမ်းရှိ DKBAစစ်ဦးစီးအရာရှိချုပ်က ကြီးကြပ်တဲ့နေရာက ကျားဖြန့်ဝင်းသာဖြစ်သာဖြစ်ကြောင်းနဲ့ အဲ့ဒီနေရာဟာ ၂၀၂၅နှောင်ပိုင်းမှာ စစ်အုပ်စုက KK-Parkနဲ့ရွှေကုက္ကိုလ်ဒေသက ကျားဖြန့်အဆောက်အအုံတွေကို ဖြိုဟန်ပြရှင်းလင်းခဲ့တုန်းက အဲ့ဒီကနေပြောင်းရွှေ့သွားတဲ့ ငွေလိမ်ဂိုဏ်းလုပ်သားတွေရဲ့ ခြံဝန်းငယ်ဖြစ်ပြီး ငွေလိမ်လုပ်ငန်းရဲ့ကွက်သစ်တွေထဲက တခုမျှသာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ကျောက်ခက်ဆိုတာ မြဝတီတောင်ဘက်မိုင် ၃၀ခန့်အကွာမှာ ထိုင်းနိုင်ငံနဲ့ကပ်ရှိပြီး DKBAထိပ်တန်းအရာရှိတစ်ဦးလည်းဖြစ် စီးပွားရေးတာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်ချုပ်စိုင်းကျော်လှရဲ့ တိုက်ရိုက်ကြီးကြပ်မှုအောက်မှာရှိတဲ့ "Tai Chang"အွန်လိုင်းငွေလိမ်ခြံဝင်းကြီးအဖြစ် ဒေသတွင်းနာမည်ဆိုးနဲ့ကျော်ကြားတဲ့နေရာဖြစ်ကြောင်းနဲ့ စိုင်းကျော်လှကို လူကုန်ကူး၊မူးယစ်ဆေးဝါးတွေနဲ့အခြားဒုစရိုက်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် အမေရိကန်အစိုးရက ၂၀၂၅၊နိဝင်ဘာမှာ အရေးယူပိတ်ဆို့ဒဏ်ခတ်ပြီးနောက်ပိုင်းမှာ စစ်အုပ်စုဘက်က ကျောက်ခက်ကိုဖြိုခွင်းတယ်ဆိုပြီး ထုတ်ပြန်လာတာဖြစ်တယ်လို့ KNUကပြောထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ DKBA၊BGFတပ်တွေဟာ ကျားဖြန့်ခြံဝင်းတွေကိုဟန်ပြဝင်စီးသလိုလုပ်ပြီး ဦးဆောင်သူမဟုတ်တဲ့ စေခိုင်းခံရသူတွေကိုဖမ်းဆီးပြခြင်း၊ အဆောက်အဦးထဲရှိသူတွေကို ကြိုတင်ဖယ်ခိုင်းထားပြီးမှသာ အဆောက်အဦးကိုရှင်းလင်းဖြိုချပြခြင်း စတာတွေကိုလုပ်ပြတာဖြစ်ပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို အမြတ်ပြတ်နှိမ်နင်းတာမဟုတ်ဘဲ ကရင်ပြည်နယ်နဲ့အခြားဒေသတွေမှာ ကျားဖြန့်လုပ်ငန်းတွေပြန့်ပွားသွားအောင် တမင်ရည်ရွယ်နဲ့လုပ်ဆောင်တာဖြစ်တယ်လို့လည်း KNUကထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျောက်ခက်ဒေသက ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ကွက်မှာ KNLAနဲ့PDFပါတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ထုတ်ပြန်ချက်ကို KNUက အခြေအမြစ်မရှိတဲ့စွပ်စွဲချက်ဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချတယ်လို့ပြောထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အာဏာသိမ်းစစ်အုပ်စုက ဟန်ပြနှိမ်နင်းပြနေတဲ့အပေါ် သေချာစီစစ်ပြီး အမှန်တကယ်တိုက်ဖျက်နေတဲ့မြေပြင်အဖွဲ့တွေအားလုံးနဲ့လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကို KNUကတောင်းဆိုထားပါသေးတယ်။
KNUထုတ်ပြန်ချက်အရ KK-Parkလိုမျိုး ကျားဖြန့်အဆောက်အအုံကိုဖြိုခွင်းပြီးနောက်မှာ တရုတ်လူမျိုးအများစုဖြစ်တဲ့ ဒေသခံမဟုတ်တဲ့ကျားဖြန့်လုပ်သားနိုင်ငံခြားသားအများအပြားဟာ ထိုင်းနယ်စပ်နဲ့ဝေးတဲ့အတွင်းပိုင်းနေရာတွေကို အစုအပြုံလိုက်ဝင်လာကာ DKBAနဲ့BFGရဲ့ ကာကွယ်ထောက်ပံ့မှုနဲ့ အဆောက်အဦးသစ်တွေကိုနေ့ညမပြတ်ဆောက်လုပ်ပြီး နေထိုင်နေသလို မြေတွေကိုအတင်းအဓမ္မဝယ်ယူကာ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝကိုခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂ EUကလည်း မနေ့က ဇူလိုင် ၃၀ ရက်မှာ DKBAကခေါင်းဆောင်ပိုင်းတွေကို ဒဏ်ခတ်ပိတ်ဆို့ကြောင်းကြေညာခဲ့ပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ငွေလိမ်စင်တာအများအပြားကိုလည်ပတ်ခွင့်ပြုတာကြောင့် DKBAခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ စောဆန်းအောင်၊ စောကျော်လှ၊ စောစတီး၊ စောစိန်ဝင်း၊ စောအိလိထူးတို့ကို ဒဏ်ခတ်ပိတ်ဆိုတဲ့စာရင်းထဲထည့်သွင်းလိုက်တာဖြစ်ပါတယ်။
စစ်အုပ်စုဘက်ကတော့ဇူလိုင် ၉ရက်က နေပြည်တော်မှာDKBAနဲ့တွေ့ဆုံချိန်မှာ DKBA အနေနဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကိစ္စရပ်တွေမှာပတ်သက်မှုမရှိဖို့၊ တိုက်ဖျက်ရေးမှာပါဝင်ဖို့၊ DKBAရဲ့အဓိကနယ်မြေတွေဖြစ်တဲ့ ဝေါလေ၊ ကျောက်ခက်၊ ဘုရားသုံးဆူတို့မှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကင်းစင်ရေးဆောင်ရွက်ဖို့ဆိုပြီး မှာနေတာကိုထုတ်ပြန်ခဲ့ပါသေးတယ်။




Comments