top of page

KNU နယ်မြေထဲ စစ်ကောင်စီ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေအပေါ် တာဝန်မယူနိုင်ဘူးလို့ စောတောနီး ပြော

  • Writer: BVJ
    BVJ
  • Feb 28
  • 1 min read

BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅


ree

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်လုပ်ဆောင်ပါက ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (ASECC) သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) နဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (ASECC) တို့က “အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု” သတင်းစာရှင်းလင်းပွဲကို မဲဆောက်မြို့တစ်နေရာမှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။


KNU ထိန်းချုပ်နယ်မြေအတွင်း KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ နယ်မြေပိုင်ဆိုင်မှုတွေ ရှိထားသလို ပြည်သူလူထုတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားကာ နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား လုပ်ငန်းတွေကိုလည်း နှစ်ပေါင်းများစွာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။


“စစ်ကောင်စီအနေနဲ့ မရမက တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကိုယ့်နယ်မြေထဲမှာလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဘာဖြစ်လဲမယ်ဆိုတာကို ကျွန်တော်တို့ အာမခံလို့မရသလို တကယ်လို့ဖြစ်သွားမယ်ဆိုရင်လည်း ဘယ်လိုမှ တာဝန်ယူလို့မရဘူး။ အဲဒါတော့ ပြောချင်တယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးကလည်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောခဲ့တာလည်း ဖြစ်ပါတယ်။


စစ်တပ်အာဏာမသိမ်းခင် ရက်ပိုင်းအလို ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်မှာ KNU က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုအပေါ် သက်ဆိုင်ရာအစုအဖွဲ့များအားလုံး ပါဝင်မယ့် မျက်နှာစုံညီ ညှိနှိုင်းနိုင်မယ့် အရေးအပေါ်အစည်းအဝေးတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက ပြောခဲ့ပေမဲ့ ယနေ့ချိန်ထိ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို သတ်မှတ်နိုင်တာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၁၁၀ ဝန်းကျင်မှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီး “ရွေးကောက်ပွဲဥပဒေ၊ ,နည်းဥပဒေများအရ ဆန္ဒမဲမည်မျှ ပေးမှသာ ရွေးကောက်ပွဲဖြစ်မြောက်သည်ဟု ပြဌာန်းထားခြင်းမရှိသည်ကိုတွေ့ရကြောင်း” ဆိုပြီး ၂၀၂၅ ဇန်နဝါရီ ၃၁ ရက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page