KIA နဲ့ TNLA တပ်ဖွဲ့နှစ်ဖွဲ့ကြားက ပွတ်တိုက်မှု အောက်ခြေအဆင့်မှာ ညှိနှိုင်းဖြေရှင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူ ပြော
- BVJ

- Feb 5
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၃ ၊ ၂၀၂၅

ကချင်ပြည်နယ် တောင်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းတပ်မတော် (TNLA) အောက်ခြေတပ်ဖွဲ့တွေကြား နယ်နိမိတ်အငြင်းပွားမှု ပွတ်တိုက်မှုတွေရှိနေပြီး အောက်ခြေမှာ အချင်းချင်း ညှိနှိုင်းတွေ့ဆုံတာမျိုး လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Burma VJ ကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ၊ နမ့်ခမ်းမြို့နယ် မုံးဝီးဒေသ၊ မူဆယ်မြို့နယ် နမ့်အွမ်ရွာ နဲ့ မန်တုံမြို့နယ်တွေမှာ အောက်ခြေတပ်ဖွဲ့တွေကြား နယ်နိမိတ်အငြင်းပွားမှုတွေ ရှိနေတာဖြစ်ပြီး ပွတ်တိုက်မှုတွေဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး KIA နဲ့ TNLA နှစ်ဖက်အဖွဲ့အကြား ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးမှုမျိုး မရှိသေးပေမဲ့ အောက်ခြေ နှစ်ဖက် သက်ဆိုင်ရာလူကြီးတွေအကြား တွေ့ဆုံညှိနှိုင်းတာမျိုး ရှိကောင်းရှိနေနိုင်ပြီလို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
“ကျွန်တော်တို့ ဗဟိုအဆင့်နဲ့ တွေ့ဆုံတာကတော့ မရှိသေးပါဘူး။ ဒေသခံလူကြီးတွေ အချင်းချင်း တွေ့ဆုံတာကတော့ ရှိလောက်ပါပြီ။ ကျွန်တော်တို့ ဗဟိုကို တင်ပြတာကတော့ ကျွန်တော် မကြားမိပါဘူး။ ကျွန်တော်တို့ ဗဟိုကော်မတီကို တင်ပြတာကတော့ မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော် မကြားမိသေးဘူးလို့ ပြောတာပါ။ သူတို့အချင်းချင်း တွေ့ဆုံပြီးမှ ညှိနှိုင်းကြတာတော့ရှိကောင်း ရှိနိုင်တာပေါ့။ အတိအကျကတော့ ကျွန်တော်တို့ကို သူတို့ တင်ပြတာမရှိတော့ အတည်ပြုပြောလို့မရဘူး” လို့ ဗိုလ်မှူးကြီး နော်ဘူက Burma VJ ကို ပြောပါတယ်။

နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့ကြား တင်းမာမှုတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဖြေရှင်းဖို့အတွက် တအာင်းတပ်မတော် (TNLA) ကလည်း KIA ထံ အကြောင်းကြားစာပေးပို့တယ်လို့လည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း Burma VJ ကို ပြောပါတယ်။
“ကျွန်မတို့ KIA နဲ့ တွေ့ဆုံတာမျိုးတွေတော့ မရှိသေးပါဘူး။ နှစ်ဖက်တွေ့ဆုံနိုင်ဖို့ ကျွန်မတို့ စာပို့ထားပေမဲ့ လက်ရှိအချိန်ထိက တွေ့ဆုံနိုင်မှုတော့ မရှိသေးဘူး” လို့ လွေးယေဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း နမ့်ခမ်းမြို့နယ် မုံးဝီးဒေသမှာ KIA ဂိတ်စခန်း ၂ ခုကို TNLA တပ်ဖွဲ့တွေက ဖယ်ရှား ရာမှာ နှစ်ဖက်တင်းမာမှုတွေဖြစ်ပေါ်လာပြီး KIA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ TNLA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှနန် ထိုးကြိတ်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖက်တစ်ဦးချင်း ထိုးကြိတ်မှုအပြီး ပွေ့ဖက်ကာ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ယင်းနေ့တစ်ရက်မှာထဲမှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာလည်း KIA ရဲ့ အတားအဆီးတွေကို TNLA ဖယ်ရှားခဲ့တာကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန် တွန်းထိုးတင်းမာမှု တွေဖြစ် ပေါ် ခဲ့ပါသေးတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်မှာ KIA တပ်မဟာ လေးခုရှိနေပြီး ကွတ်ခိုင်မြို့နယ်နဲ့ တာမိုးညဲမှာ တပ်မဟာ ၄ နဲ့ တပ်မဟာ ၁၀ ရှိနေပြီး မူဆယ်မြို့နယ်မှာ တပ်မဟာ ၆ ၊ မံဝိန်းကြီးမှာ တပ်မဟာ ၁၁ တို့ရှိနေတာလည်းဖြစ်ပါတယ်။ ယင်းတပ်မဟာ လေးခုထဲက တပ်မဟာ ၄၊ ၆၊ ၁၀ တို့ဟာ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ထိစပ်နေပြီး နှစ်ဖက်နယ်မြေ အငြင်းပွားမှု မကြာခဏ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။







Comments