KIA နဲ့ TNLA ကြား မြေပြင်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဖြေရှင်းအကူအညီပေးဖို အသင့်ရှိတယ်လို့ NUG ထုတ်ပြန်
- BVJ

- Mar 19
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၄ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ မန်တုံမြို့တို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းတပ်မတော် (TNLA) တို့ကြား မြေပြင်အငြင်းပွားမှုနဲ့ပတ်သက်ပြီး မိတ်ဖက်ပဋိပက္ခဖြစ်မှု ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကူညီဖို့အဆင်သင့်ရှိတယ်လို့ ဒီနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ KIA ဆက်ဆံရေးရုံးနဲ့ မန်တုံမြို့နယ် မန်မောက်ရွာမှာရှိတဲ့ KIA တိုက်နယ်ရုံးတို့ကို TNLA တပ်ဖွဲ့တွေက ဖယ်ရှားဖို့ကြိုးစားရာမှာ နှစ်ဖက်အဖွဲ့အစည်းကြား မြေပြင်အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နှစ်ဖွဲ့တပ်ဖွဲ့ကြား မြေပြင်အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ဖွဲ့တစ်ခုကြား ရိုက်နှက်ဖမ်းဆီးမှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တို့မှာဖြစ်ပွားနေတဲ့ နှစ်ဖက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို Burma VJ က ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိသလို TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကိုလည်း ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
KIA နဲ့ TNLA ကြား ကာလရှည်အတူယှဉ်တွဲ နေထိုင်လာတဲ့ မဟာမိတ်နှစ်ဖွဲ့ကြား မိတ်ဖက်ပဋိပက္ခဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး အောက်ခြေပွတ်တိုက်မှုတွေကြောင့် လူမျိုးရေးအမုန်းတရားဆီ မကျယ်ပြန့်သွားဖို့ နှစ်ဖွဲ့အဖွဲ့အစည်း ခေါင်းဆောင်တွေအနေနဲ့ ထိန်းကျောင်းနိုင်မယ်လို့ မျှော်လင့်ပြီး နှစ်ဖွဲ့အဖွဲ့အစည်း ခေါင်းဆောင်တွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းပါက ပြဿနာအများစု ပြေလည်နိုင်မယ်လို့ မျှော်လင့်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နှစ်ဖွဲ့အစည်းကြား နိုင်ငံရေးကိစ္စရပ်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြချိန် NUG အနေနဲ့ လိုအပ်သလို ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်းဒေသအစပ်မှာ ဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း “ရှမ်းမြောက်လူထုနဲ့ ဒီကြားထဲစည်းဝေးလုပ်မယ်။ လူထုရဲ့သဘောထားရယူပြီးရင်တော့ ဆုံးဖြတ်ချက်ချနိုင်မယ်ထင်တယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မတ်လ ၈ ရက်က ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် KIA နဲ့ TNLA ကြား မြေပြင်ပွတ်တိုက်မှု ပဋိပက္ခတင်းမာမှုတွေ ဆက်လက်မကြီးထွားစေဖို့အတွက် TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က မန်တုံမြို့ကို ဖေဖော်ဝါရီ ၂၈ ရက်က သွားရောက်ခဲ့သေးပြီး မဟာမိတ်နှစ်ဖွဲ့ကြား အပြန်အလှန် အသိအမှတ်ပြုဖို့နဲ့ မဟာမိတ်တည်တံ့ခိုင်မြဲရေးအတွက် နှစ်ဖက်တပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မဟာမိတ်ကတိကဝတ်ကို ရှေးရှုပြီး မြေပြင်ပဋိပက္ခတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ကိုလည်း ပြောကြားခဲ့ပါသေးတယ်။







Comments