ဓာတ်ဆီဈေးမြင့်တက်မှုကြောင့် သောက်သုံးရေနဲ့စားနပ်ရိက္ခာခက်ခဲနေတဲ့ ကရင်နီကစစ်ဘေးရှောင်များ
- BVJ

- Apr 7
- 1 min read
ရဂုံ/BVJ_ဧပြီ ၇၊ ၂၀၂၆

"ကရင်နီပြည်ရဲ့လက်ရှိအနေအထားအရဆိုရင် ဓာတ်ဆီ ၁လီတာကို ၁သောင်းခွဲပေးရတယ် ၊ ဂါလံ ၅၀ ပါတဲ့ဓာတ်ဆီ တစ်ပေပါဆိုရင် သိန်း ၃၀ ၊ ဒီဇယ်ဆိုရင် သိန်း၃၀ နဲ့မရတော့ဘူး"
ဒါက ကရင်နီဒေသအတွင်း စစ်ဘေးရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ ကျေးလက်မြေအဖွဲ့ကတာဝန်ခံ ကိုဇော်မင်းထိုက်ကပြောလာတာပါ။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံ့စီးပွားရေးအကျဘက်ကိုဦးတည်လာခဲ့တာ ၅နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကိုအမှီလိုက်နေရတဲ့ပြည်သူတွေအတွက် အီရန်စစ်ပွဲကြောင့် စက်သုံးဆီဈေးမြင့်တက်လာမှုကလည်း နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။
နေရပ်စွန့်ခွာနေရတဲ့ ကရင်နီပြည်က စစ်ဘေးရှောင်တွေအတွက်လည်း စက်သုံးဆီဈေးမြင့်တက်လာမှုဟာ သောက်သုံးရေသယ်ယူဖို့အတွက်ပါ ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်လာပါတယ်။ စစ်ရှောင်စခန်းနဲ့အဝီစိတွင်းနေရာ အကွာအဝေးဟာ တချို့နေရာတွေမှာဆို ၆ မိုင်အထိဝေးတတ်ပါတယ်။
"ဥပမာ ပိုက်ဆံတစ်သောင်းခွဲနဲ့ဆီတစ်လီတာထည့်ပြီး ရေသွားသယ်မယ်ဆို အခေါက်ရေလည်းအများကြီးမရတော့ဘူး။ ဆီဈေးမြင့်လာတဲ့အတွက် စစ်ဘေးရှောင်တွေရော ၊ ကူညီနေတဲ့အဖွဲ့အစည်းဘက်မှာရော ရိုက်ခတ်မှုတွေရှိတယ်" လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
ကရင်နီကသိန်းနဲ့ချီတဲ့စစ်ရှောင်တွေအများစုဟာ နေရပ်မပြန်နိုင်သေးကြသလို စခန်းတွေနဲ့အနီးတဝိုက်မှာလည်း လေယာဉ်နဲ့မကြာခဏဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာ တွေကြောင့်လည်း အလုပ်လုပ်ဖို့အခွင့်မသာဘူးလို့ဆိုပါတယ်။
ငွေကြေးအခက်အခဲအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာတာကြောင့်လည်း တစ်ချို့စစ်ရှောင်တွေမှာ ဆီရှိပေမယ့် ကြက်သွန်နီမရှိတာမျိုးတွေ၊ မဝယ်နိုင်တာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။ ကရင်နီကစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေအပြင် ဆန်၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် ၊ မိုးကာ ၊ အမျိုးသမီးလစဉ်သုံး ၊ဆေးဝါး စတာတွေလိုအပ်နေသလို နေမကောင်းရင်ကုသဖို့ စားရိတ်မရှိတဲ့သူတွေလည်းအများကြီး ရှိနေပါတယ်။

ကရင်နီပြည်၊ ဒီမော့ဆိုအနောက်ခြမ်းကစစ်ရှောင်တချို့မှာလည်း ကျွဲ ၊ နွား တွေလူးထားတဲ့ မသန့်ရှင်းတဲ့ရေကိုချိုးမိတာကြောင့် ယားနာလိုမျိုး အရေပြားရောဂါတွေခံစားနေရတာရှိလာပါတယ်။
အလားတူပဲ မကွေးတိုင်း၊ပေါက်မြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တို့က စစ်ဘေးရှောင်ထောင်နဲ့ချီလည်း အရေပြားရောဂါကူးစက်ခံနေတာမျိုးတွေကို တွေ့ရပါတယ်။
ကျေးလက်မြေအဖွဲ့တာဝန်ခံ ကိုဇော်မင်းထိုက်ကတော့ "စစ်ရှောင်စခန်းတွေမှာ သန့်ရှင်းတဲ့သောက်သုံးရေကို အဝီစိစက်ရေကနေသုံးရင် ပိုအဆင်ပြေမယ်၊ ဒါပေမယ့် ကရင်နီမှာကူညီနေတဲ့သူတွေထက် စစ်ရှောင်ဦးရေကသိန်းနဲ့ချီပိုများနေတော့ ပရဟိတကူညီနေသူတွေလည်း တစတစနဲ့မတတ်နိုင်တော့ဘူးပေါ့။ ငွေရေးကြေးရေးလည်း ခက်ခဲလာတော့ နေရာတိုင်းလည်းမသွားနိုင်ကြဘူး" လို့ ဆိုပါတယ်။
ဓါတ်ဆီ၊ဒီဇယ်စျေးမြင့်တက်မှုနဲ့အတူ ဆန်၊ဆီ၊ဆားစတဲ့ အခြေခံစားသောက်ကုန်တွေလည်းမြင့်တက်လာသလို ဆေးဝါးကုသမှုတွေမှာလည်း ဆီပြဿနာကြောင့် သွားလာရေးလမ်းကြောင်းအခက်အခဲတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ဓါတ်ပုံ-ကျေးလက်မြေအဖွဲ့




Comments