ဒေါ်လာ ၄၂၆ သန်းတန်ဖိုးရှိမူးယစ်ဆေးဝါးတွေနဲ့အတူ ထိုင်းတစ်ဦးနဲ့ မြန်မာလေးဦးကို အင်ဒိုနီးရှားက ဖမ်းဆီးထား
- BVJ

- May 18
- 1 min read
BVJ/Moore _ မေ ၁၈ ၊ ၂၀၂၅

အမေရိကန်ဒေါ်လာ ၄၂၅ သန်းတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါး မက်သာဖက်တမင်းနဲ့ ကိုကင်း ၂ တန်နီးပါးကို အင်ဒိုနီးရှားရေတပ်က ဆူမတြားအနီးမှာ သိမ်းဆည်းရမိခဲ့ပြီး မူယစ်ဆေးဝါး သယ်ဆောင်လာတဲ့ စက်လှေတစ်စင်းနဲ့အတူ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးထားတယ်လို့ အင်ဒိုနီးနီးရှားရေတပ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Riau Islands ခရိုင် တန်ဂျွန်ဘာလီကာရီမမ်ပြည်နယ် ရေပိုင်နက်ထဲမှာ သံသယဖြစ်ဖွယ် စက်လှေတစ်စင်းကို အာဏာပိုင်တွေကတားဆီးစစ်ဆေးချိန် စက်လှေက အရှိန်မြှင့်ထွက်ပြေးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ရေတပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးရမိခဲ့တဲ့စက်လှေပေါ်မှာ အဖြူရောင်၊ အဝါရောင်အိတ် ၁၀၀ နီးပါးကို တွေ့ရှိခဲ့ပြီး ကိုကင်း ၁ ဒသမ ၂ တန်နဲ့ မက်သာဖက်တမင်း ၇၀၅ ကီလိုဂရမ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ အင်ဒိုနီးရှားငွေ ၇ ထရီလီယံ (ဒေါ်လာ ၄၂၅ ဒသမ ၉၂ သန်း) တန်ဖိုးရှိတာကြောင့် အင်ဒိုနီးရှားနိုင်ငံ မူးယစ်ဆေးဝါး ဖမ်းဆီးသိမ်းဆည်းရမိမှုသမိုင်းမှာ စံချိန်တင်အရေအတွက်ဖြစ်တယ်လို့လည်း ရေတပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အတင်းကြပ်ဆုံးဥပဒေတွေ ပြဌာန်းထားသလို နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကို သေဒဏ်ပေးတာမျိုးလည်း ရှိပါတယ်။
အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးရမိခဲ့တဲ့ စက်လှေဟာ ထိုင်းနိုင်ငံအလံလွှင့်ထူထားတယ်လို့ ရေတပ် တာဝန်ရှိသူက ပြောပေမဲ့ အသေးစိတ်အခြေအနေကိုတော့ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး သယ်ဆောင်လာတဲ့ မူလနေရာကို သွားရောက်မယ့်နေရာကို သိရှိဖို့ အသေးစိတ်စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။







Comments