ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုနဲ့ သီရိလင်္ကာက ထင်ရှားတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအဖမ်းခံရ
- BVJ

- May 11
- 1 min read
အီးကေ/BVJ_မေ ၁၀၊ ၂၀၂၆

အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုစွပ်စွဲချက်နဲ့ သီရိလင်္ကာနိုင်ငံမှာ လူသိများတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကို ရဲတပ်ဖွဲ့ကစနေနေ့မှာဖမ်းဆီးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဒေသတွင်းဘာသာရေးခေါင်းဆောင်တစ်ဦးပါဝင်ပတ်သက်နေတဲ့ အထင်ကရအရှိဆုံး လိင်ပိုင်းဆိုင်ရာရာဇဝတ်အမှုတစ်ခုဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပါလီဂါးမား ဟီမာရသန (Pallegama Hemarathana)ကို စနေနေ့က မြို့တော်ကိုလံဘိုရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သီရိလင်္ကာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဗုဒ္ဓဘာသာဘုန်းကြီး ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့အချိန် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆရာတော် ဟီမာရသနကျောင်းထိုင် ဆရာတော်အဖြစ်တာဝန်ယူထားတဲ့ အနုရာဓပူရမြို့ကသမိုင်းဝင်နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ခုအတွင်းမှာ ၂၀၂၂ ခုနှစ်က ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအနှိုင်ကျင့်မှုကိုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
ဘုန်းတော်ကြီးကိုအားပေးကူညီမှုနဲ့ ကလေးမလေးရဲ့မိခင်ဖြစ်သူကိုလည်း ဖမ်းဆီးထားကြောင်း အာဏာပိုင်တွေကအတည်ပြုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်အရေးယူဆောင်ရွက်မှုတွေကို တရားသူကြီးရဲ့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့ကစနေနေ့မှာထုတ်ပြန်ထားပါတယ်။
ဆရာတော် ဟီမာရသနဟာ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရသူဖြစ်ပြီး၊ သူ့ကို ဖမ်းဆီးဖို့ ကြန့်ကြာနေမှုအပေါ် ကလေးသူငယ်ကာကွယ်ရေးအာဏာပိုင်တွေက တိုင်ကြားခဲ့တာကြောင့် အနုရာဓပူရမြို့ တရားသူကြီးချုပ်အမိန့်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် Daily News သတင်းစာမှာ သတင်းဖော်ပြပါတယ်။
သီရိလင်္ကာနိုင်ငံမှာ သာသနာ့ဝန်ထမ်းတွေက ကလေးသူငယ်တွေအပေါ် အနိုင်ကျင့်စော်ကားတဲ့အမှုပေါင်းများစွာရှိခဲ့ပေမယ့် အခုကိစ္စဟာအဆင့်မြင့်ဝါရင့်ဆရာတော်တစ်ပါး ပထမဆုံးအကြိမ်ပါဝင်ပတ်သက်ခဲ့တဲ့အမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ကိုလံဘိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးဆောင်အိတ်တွေအတွင်းဝှက်သယ်လာတဲ့ ဆေးခြောက် ၁၁၀ ကီလိုဂရမ် (၂၄၂ ပေါင်) ရှာဖွေတွေ့ရှိမှုနဲ့ သံဃာတော် ၂၂ ပါးကိုဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ လေဆိပ်မှာ ဒီနေ့အထိအကြီးမားဆုံး မူးယစ်ဆေးဝါးမှောင်ခိုမှုတစ်ခုဖြစ်ခဲ့ပါတယ်။
ခရက်ဒစ် - အယ်လ်ဂျားဇီးယား




Comments