top of page

FATF အမည်ပျက်စာရင်းထဲကနေ မြန်မာနိုင်ငံ ကို ဖယ်ရှားဖို့ စစ်ကောင်စီ ရဲ့ ကြိုးပမ်းမှု မအောင်မြင်ခဲ့

  • Writer: BVJ
    BVJ
  • Feb 25
  • 1 min read

BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၅

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေ
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေ

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black List) ကြေညာထားခံရမှုကနေ ဖယ်ရှားနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်လုပ်ဆောင်နေပေမဲ့ အောင်မြင်မှုမရရှိဘဲ အမည်ပျက်စာရင်းမှာ ဆက်လက်ထားရှိကြောင်း FATF က ထုတ်ပြန်လာပါတယ်။


ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ FTAF အစည်းအဝေးကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေနဲ့အဖွဲ့က တက်ရောက်ခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြင်ဆင်ဆောင်ရွက်မှုအခြေအနေတွေကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာမှာ ဖော်ပြထားပါတယ်။


စစ်တပ်အာဏာမသိမ်းမီ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု၊ အကြမ်းဖက်တိုက်ဖျက်ရေးတို့နဲ့ပတ်သက်ပြီး FATF က အကြံပြုထောက်ပြခဲ့မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် တိုးတက်မှုစောင့်ကြည့်စာရင်း (Gray List) ထဲ ထည့်သွင်းခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ အောက်တိုဘာလမှာ အမည်ပျက်စာရင်း ထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။


ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ AML/CFT ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ကိုလည်း ရေးဆွဲနေတယ်လို့ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက FATF အစည်းအဝေးမှာ တင်ပြထားကြောင်း စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း FATF က အကြံပြုချက်တွေကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


၂၀၂၅ ဇွန်လအထိ တိုးတက်မှုတစုံတရာမရှိပါက ထပ်တိုးအရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ FATF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လက်ရှိကာလအထိ မြန်မာနိုင်ငံ အမည်ပျက်စာရင်းထဲ ဆက်လက်ထည့်သွင်းထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ FATF ရဲ့ အမည်ပျက်စာရင်းများထဲတွင် မြန်မာနိုင်ငံနဲ့အတူ အီရန်၊ မြောက်ကိုရီးယားတို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page