top of page

ဒေါက်တာခိုင်ခိုင်စိုး (သို့မဟုတ်) မအလ ကြိုးဆွဲရာကပြရတော့မယ့်သူ

  • Writer: BVJ
    BVJ
  • Jun 9
  • 2 min read

အီးကေ/BVJ

စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်အိန္ဒိယကပြန်ရောက်လာတဲ့ ဇွန်လ၃ရက်နေ့မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ်ရုတ်တရက်ပေါ်လာပြီး နေပြည်တော်လေဆိပ်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဥ်။
စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်အိန္ဒိယကပြန်ရောက်လာတဲ့ ဇွန်လ၃ရက်နေ့မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ်ရုတ်တရက်ပေါ်လာပြီး နေပြည်တော်လေဆိပ်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဥ်။

သမ္မတအတု ဦးမင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်အပြီး ရုတ်တရက်ပေါ်ထွက်လာတဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးအကြောင်း လက်လှမ်းမီသမျှရှာဖွေလေ့လာကြည့်ပါတယ်။ ဇွန်လ ၃ ရက်နေ့မတိုင်ခင်အထိ သူ့အကြောင်းမကြားဖူးတာကြောင့် Background Research လုပ်တဲ့သဘောမျိုးဖြစ်သွားပါတယ်။


စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ပြောရေးဆိုခွင့်ရှိသူအဖြစ် ပထမဆုံးထွက်ပြောတဲ့နေပြည်တော်လေဆိပ်ကပြောကြားချက်ကို အရင်ဆုံးနားထောင်ကြည့်လိုက်တော့ ဦးမင်းအောင်လှိုင်အိန္ဒိယခရီးစဉ်ကနေ “သံတမန်ရေးနဲ့စီးပွားရေးကဏ္ဍတွေမှာ ထူးခြားတဲ့အောင်မြင်မှရရှိခဲ့တယ်”လို့ပြောပါတယ်။ ပြီးတော့ သူ့ဆရာ မအလရဲ့မူဝါဒတွေ၊ညွှန်ကြားချက်တွေကိုလိုက်နာကြဖို့လည်းတိုက်တွန်းသွားပါတယ်။


သူ့ရဲ့ လေယူလေသိမ်းကိုနားထောင်ကြည့်လိုက်တာနဲ့ အရင်စစ်အုပ်စုပြောရေးဆိုခွင့်ရှိသူ ဇော်မဲလုံး”(ဗိုလ်ချုပ်ဇော်မင်းထွန်း)ထက်သာမယ့်“ဇော်မဲလုံးလက်သစ်”အမျိုးသမီးတစ်ယောက်ပေါ်လာပြီလို့တွေးမိပါတယ်။ ဒါပေမယ့် လက်ရှိမှာဘယ်ပျောက်နေမှန်းမသိတဲ့ အရင်ပြောရေးဆိုခွင့်ရှိသူ ဇော်မဲလုံးနဲ့ယှဉ်လိုက်ရင် သူကပိုသာတယ်လို့ဆိုရပါမယ်။ ပညာတတ်ဖြစ်ပြီး နိုင်ငံခြားပြန်လည်းဖြစ်နေတာက ဇော်မဲလုံးထက်ပိုစမတ်ကျကျ လိမ်ညာနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကို ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။


ဆိုရှယ်မီဒီယာပေါ်က ပျောက်ကွယ်သွားခြင်း

ဒေါက်တာ ခိုင်ခိုင်စိုးနောက်ကြောင်းကို သေသေချာချာလိုက်ရှာကြည့်တော့ သူ့ရဲ့ Facebookအကောင့် Lockချထားပြီး၊ သူ့ရဲ့ LinkedInအကောင့်လည်းရှာမတွေ့တော့ပါဘူး။ တော်လှန်ရေးဘက်ကလူတွေ တခုခုလာပြောမှာကြောက်လို့ ဆိုရှယ်မီဒီယာအကောင့်တွေ ဖျောက်ထားတာဖြစ်နိုင်ပါတယ်။


ဒါပေမယ့် ကိုဗစ်ကာလ ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၆ ရက်နေ့က UNFPA (ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့)လက်အောက်ခံ ကုလသမဂ္ဂလိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးအေဂျင်စီရဲ့ Facebookစာမျက်နှာမှာသူပြောထားတဲ့ ဗီဒီယိုတစ်ခုရှာတွေ့ပါတယ်။ အဲ့ဒီတုန်းကသူရဲ့ရာထူးက ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးပါ။

UNFPA (ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့) ရဲ့ ဖေ့ဘုခ်ပေ့ချ်မှာ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတင်ထားတဲ့ ဒေါက်တာခိုင်ခိုင်စိုး ဓာတ်ပုံ။
UNFPA (ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့) ရဲ့ ဖေ့ဘုခ်ပေ့ချ်မှာ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတင်ထားတဲ့ ဒေါက်တာခိုင်ခိုင်စိုး ဓာတ်ပုံ။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာသက်ကြီးရွယ်အိုနဲ့အမျိုးသမီးဦးရေ ပိုမိုများပြားနေလို့ COVID-19 ကာကွယ်၊ တုံ့ပြန်ရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလာတာကို အထူးအလေးထားဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဟာ စစ်အုပ်စုနဲ့ သူ့ကိုယ်သူသမ္မတအဖြစ်တင်မြှောက်ထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့အကျိုးစီးပွားအတွက် ပြောင်ပြောင်တင်းတင်းလိမ်ညာရဲကြပေမယ့် ဆိုရှယ်မီဒီယာပေါ်မှာတော့ ပြည်သူလူထုရဲ့ တုံ့ပြန်မှု (Reaction)ကိုရင်မဆိုင်ရဲကြပါဘူး။


ဒေါက်တာခိုင်ခိုင်စိုးက ဘယ်သူလဲ

၂၀၂၆ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ မအလရဲ့အိန္ဒိယခရီးစဉ်အပြီး ပြောရေးဆိုခွင့်ရှိသူအဖြစ် စတင်တာဝန်ပေးခြင်းခံရသူ ဒေါက်တာခိုင်ခိုင်စိုးဟာ လက်ရှိမှာစစ်အုပ်စုလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ပါတယ်။


ရန်ကုန်တက္ကသိုလ်က သင်္ချာဘာသာရပ်နဲ့ဘွဲ့ (B.Sc, Mathematics)ရရှိခဲ့ပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် (Mahidol University)က လူဦးရေဗေဒ (Demography)ဆိုင်ရာနဲ့ ဒေါက်တာဘွဲ့ ရရှိထားပါတယ်။၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကိုဗစ်ကာလမှာ လဝကညွှန်ကြားရေးမှူးအဆင့်သာရှိသေးပေမယ့် ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလမှာ ညွှန်ကြားရေးမှူးချုပ်၊ ၂၀၂၆ ခုနှစ်မှာ ဒုတိယဝန်ကြီးဖြစ်လာတာကြောင့် အချိန်တိုအတွင်း ရာထူးတက်အလွန်မြန်တဲ့သူလို့ဆိုရပါမယ်။


၂၀၂၆ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ ဒုတိယဝန်ကြီးဖြစ်လာတာကြောင့် အာဏာသိမ်းစစ်အစိုးရအဖွဲ့ ဒုတိယဝန်ကြီး ၄၆ ဦးထဲက အမျိုးသမီးဒုတိယဝန်ကြီး ၄ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။


ဒေါက်တာခိုင်ခိုင်စိုးဟာ ပြည်သူ့အင်အားဦးစီးဌာနမှာ တောက်လျှောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ် အထွေထွေလူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

၂၀၂၄ခုနှစ်၊ဩဂုတ်လ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာအစည်းအဝေးတစ်ခုမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခိုင်ခိုင်စိုး တက်ရောက်နေစဉ်။
၂၀၂၄ခုနှစ်၊ဩဂုတ်လ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာအစည်းအဝေးတစ်ခုမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခိုင်ခိုင်စိုး တက်ရောက်နေစဉ်။

နောက်ခံ အဆက်အသွယ်နဲ့ထူးခြားချက်

ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လဝကဝန်ကြီးရဲချုပ်ဟောင်းခင်ရီဟာ ဒေါက်တာခိုင်ခိုင်စိုးရဲ့ဆရာအရင်းဖြစ်ပါတယ်။ ဦးခင်ရီနဲ့နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်လာခဲ့တဲ့အတွက် ခပ်တည်တည်နဲ့ လိမ်ညာတတ်တာတွေ၊ ရာထူးတက်ဖို့နဲ့ရာထူးမြဲဖို့ဆောင်ရန်၊ရှောင်ရန်တွေ ဘာတွေလုပ်ရမလဲဆိုတာလည်း ကောင်းကောင်းပညာရလာပါလိမ့်မယ်။


ဒေါက်တာခိုင်ခိုင်စိုး ဘယ်လောက်တော်ပါစေ ဆရာဟောင်းခင်ရီနဲ့လက်ရှိ လဝကဝန်ကြီးမြင့်ကြိုင်တို့ထောက်ခံမှုမပါဘဲ အခုပြောရေးဆိုခွင့်ရှိသူနေရာ ရောက်လာဖို့ အကြောင်းမရှိပါဘူး။


စစ်အုပ်စုအဆက်ဆက် ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဦးရဲထွဋ် (ဦးသိန်းစိန်လက်ထက်)၊ ဦးဇော်ဌေး (ဦးဝင်းမြင့်လက်ထက်)နဲ့ဗိုလ်ချုပ်ဇော်မင်းထွန်း (၂၀၂၁နောက်ပိုင်း)စတဲ့ အမျိုးသားတွေဆောင်ရွက်ခဲ့ကြတာကြောင့် ပထမဆုံး အမျိုးသမီးပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါ်ခိုင်ခိုင်စိုးပေါ်ထွက်လာတာဟာ ထူးခြားချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။


ဒါပေမယ့် စစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဆိုတာက မအလရဲ့ Mouthpiece (လက်ကိုင်တုတ် စကားပြောခွက်)ပဲဖြစ်တာကြောင့် စစ်အုပ်စုကပြောခိုင်းတာတွေပဲပြောပေးရမှာဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ရင် သူ့ရှေ့ကဇော်မဲလုံးသွားတဲ့ လမ်းစဉ်အတိုင်း ဇာတ်သိမ်းရမှာသေချာပါတယ်။


အိမ်ထောင်ရေးနောက်ခံ

၁၉၇၀ ပြည့်နှစ်ဖွား ဒေါ်ခိုင်ခိုင်စိုးဟာ အသက်ကြီးမှအိမ်ထောင်ကျခဲ့သူဖြစ်ပါတယ်။ လွန်ခဲ့သော ၇ လခန့်က လေတပ်ကဗိုလ်မှူးကြီး အောင်ကိုမြင့်နဲ့ လက်ထပ်ခဲ့ပြီး နေပြည်တော်မစိုးရိမ်တိုက်သစ်မှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမင်္ဂလာဆွမ်းကျွေးအကြောင်း အသေးစိတ်သိချင်လို့ နေပြည်တော် မစိုးရိမ်တိုက်သစ်ဖေ့စ်ဘုခ်မှာသွားရှာတော့ သူတို့ဓာတ်ပုံတွေမရှိတော့ပါဘူး။ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီးမှ ဓါတ်ပုံတွေပြန်ဖြုတ်ချသွားတာပါ။


ဒေါက်တာခိုင်ခိုင်စိုးရဲ့ခင်ပွန်း ဗိုလ်မှူးကြီးအောင်ကိုမြင့် (ကိုယ်ပိုင်အမှတ် - လေ ၂၈၂၂)ဟာ နေပြည်တော်လေတပ်စခန်းဌာနချုပ်မှာ ဒုတိယစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုကထုတ်ပြန်ခဲ့တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်စာရင်းမှာလည်း သူ့နာမည်ပါနေတာတွေ့ရပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးရဲ့ခင်ပွန်း ဗိုလ်မှူးကြီးအောင်ကိုမြင့် (ကိုယ်ပိုင်အမှတ် - လေ ၂၈၂၂)ဟာ နေပြည်တော်လေတပ်စခန်းဌာနချုပ်မှာ ဒုတိယစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဒေါက်တာခိုင်ခိုင်စိုးရဲ့ခင်ပွန်း ဗိုလ်မှူးကြီးအောင်ကိုမြင့် (ကိုယ်ပိုင်အမှတ် - လေ ၂၈၂၂)ဟာ နေပြည်တော်လေတပ်စခန်းဌာနချုပ်မှာ ဒုတိယစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ပိုဆိုးတာက ၂၀၂၆ ခုနှစ်၊မတ်လ ၁၆ ရက်နေ့က ခေတ်သစ်မီဒီယာမှာဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းရအရပ်သားပြည်သူတွေကို လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့ စစ်အုပ်စု လေတပ်အရာရှိ ၅၇ ဦးစာရင်းမှာ ဒေါက်တာခိုင်ခိုင်စိုးရဲ့အမျိုးသား ဒုတိယဗိုလ်မှူးကြီး အောင်ကိုမြင့်ရဲ့အမည်ပါဝင်နေတာပါ။


တချို့ကဒေါက်တာခိုင်ခိုင်စိုးရဲ့ ဖခင်ကလည်း ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်တယ်လို့ပြောကြပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး ။သူ့အနေနဲ့ အခု ပြောရေးဆိုခွင့်နေရာရရှိလာတာဟာ ခင်ပွန်းဖြစ်သူနဲ့ဖခင်ဖြစ်သူတို့ရဲ့ နောက်ခံ (Background)ကြောင့်လဲပါနိုင်တယ်လို့ပြောကြပေမယ့် နီးစပ်သူအချို့ကတော့ ခိုင်ခိုင်စိုးရဲ့ကိုယ်ပိုင်အရည်အချင်းကြောင့်ဖြစ်ကြောင်း စောဒကတက်ကြပါတယ်။


စစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဆိုတဲ့အလုပ်က အချိန်မရွေးအန္တရာယ်ရှိနိုင်တဲ့ ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ဒါ့ကြောင့် ဒေါက်တာခိုင်ခိုင်စိုးတစ်ယောက် ဇော်မဲလုံးလိုမျိုးကြိုးတန်းပေါ်က အောက်ကို လိမ့်ကျမသွားအောင် စစ်အုပ်စုအတွက်ဘယ်လောက်အထိ ဆက်လုပ်ပေးနိုင်မလဲ၊ကြိုးတန်းပေါ်မှာကော ဘယ်လောက်ကြာကြာဆက်လျှောက်နိုင်ဦးမလဲဆိုတာကတော့ စောင့်ကြည့်ကြရုံပဲရှိပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page