BGF ၊ DKBA ထိန်းချုပ်ဒေသတွင်းက ကျားဖြန့်လုပ်သားတွေထဲ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေ
- BVJ

- Feb 16
- 1 min read
ကျားဖြန့်လုပ်သား ၇၉၉ ဦးကို ဖမ်းဆီးထားပြီး ၆၁ ဦးကို ထိုင်းနိုင်ငံဘက် ပြန်လွှဲပေးထားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၅

တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံနေရတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖော်ထုတ်ကာ ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးနေတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့က ထုတ်ပြန်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီကလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေ၊ ကျားဖြန့်လုပ်ကိုင်နေသူတွေကို ရှာဖွေဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးနေတာတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းထုတ်ပြန်လာပါတယ်။
မြဝတီမြို့နယ် ရွှေကုက္ကိုလ်နဲ့ KK Park တို့မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေက နိုင်ငံခြားသား ၇၉၉ ဦးကို ဇန်နဝါရီ ၃၀ ရက်နဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့အတွင်းမှာ ဖမ်းဆီးရမိထားပြီး ၆၁ ဦးကို ထိုင်းနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ BGF နဲ့ DKBA တို့ ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ရွှေကုက္ကိုလ်၊ KK Park နဲ့ ကျောက်ခတ်တို့မှာ ကျားဖြန့်ဂိုဏ်းတွေအတွင်း လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံနေရတဲ့ နိုင်ငံခြားသားအရေအတွက် သိန်းနဲ့ချီရှိနေတယ်လို့ မြဝတီဒေသတစ်ဦးကလည်း ပြောပါတယ်။
“အခု သူတို့တွေ (BGF နဲ့ DKBA) ကျားဖြန့်တွေ လွှဲပေးနေတယ်ဆိုတဲ့ အရေအတွက်က အပေါ်ယံဟန်ပြပဲ ရှိနေသေးတာ။ ရွှေကုက္ကိုလ်တို့၊ ကျောက်ခတ်တို့၊ KK Park တို့မှာ ကျားဖြန့်လုပ်နေသူတွေ သိန်းနဲ့ချီရှိတာ။ မြန်မာတွေလည်းရှိပေမဲ့ အများစုက နိုင်ငံခြားသားတွေပဲ” လို့ မြဝတီမြို့ ဒေသခံတစ်ဦးလည်းဖြစ်ပြီး ရွှေကုက္ကိုလ်ထဲက ကျားဖြန့်လုပ်ငန်းတွေနဲ့ နီးစပ်သူတစ်ဦးက Burma VJ ကို ပြောပါတယ်။
မြဝတီမြို့ပေါ်တွင် တရားမဝင် အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်း ရာနဲ့ချီရှိနေပြီး ရွှေကုက္ကိုလ်၊ KK Park နဲ့ ကျောက်ခတ်တို့မှာ ကျားဖြန့်လုပ်ငန်းတွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။ ကျားဖြန့်ဂိုဏ်းတွေတွင်းမှာ မြန်မာလုပ်သားအရေအတွက် ပျမ်းမျှ ၄၀ ရာခိုင်နှုန်းခန့်ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ကျားဖြန့်မှာက နိုင်ငံခြားသားတွေများတယ်။ သူတို့ရဲ့ အဓိကပစ်မှတ်က ပြည်ပနိုင်ငံတွေကိုပဲ။ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ပေါ့။ ကျားဖြန့်က ပြည်တွင်းကို သိပ်ပြီးမလုပ်ဘူး။ ဒါပေမဲ့ အွန်လိုင်းဂိမ်းလောင်းကစားတွေကျတော့ မြန်မာနိုင်ငံထဲနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပစ်မှတ်ထားတယ်။ အွန်လိုင်းဂိမ်းလည်း ပြည်သူတွေအတွက် ငွေကြေးဆုံးရှုံး နစ်နာမှုရှိတာပဲ။ ကျားဖြန့်ကတော့ ပိုဆိုးတာပေါ့” လို့ မြဝတီမြို့ပေါ် အွန်လိုင်းဂိမ်းလောင်းကစားလုပ်ငန်းမှာ မန်နေဂျာရာထူးနဲ့ လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးလည်း ပြောပါတယ်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကလည်း BGF ထိန်းချုပ်ဒေသအတွင်း ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းပြီး ဒေသတွင်းမှာရှိတဲ့ ကျားဖြန့်လုပ်သား ၁၀၀၀၀ ခန့်ကို ထိုင်းနိုင်ငံဘက် လွှဲပြောင်းပေးသွားမယ်လို့ ပြောဆိုထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သိမ်ဝီချရာချိုင်းကလည်း ပြောထားပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ တရုတ်မင်းသား ဝမ်ရှင်း လူကုန်ကူးခံရမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရက ထိုင်းနဲ့ မြန်မာနိုင်ငံကို ဖိအားပေးမှုတွေရှိလာပြီးနောက်ပိုင်း ဒေသတွင်း ကျားဖြန့်နှိမ်နင်းရေးတွေကို အပူတပြင်း လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
အခုလ ဖေဖော်ဝါရီ ၁၂ ရက်လည်း ကျားဖြန့်လုပ်သား ၂၆၁ ဦးကို DKBA က ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့သလို BGF ကလည်း ကျားဖြန့်လုပ်သားတွေကို ရှာဖွေဖမ်းဆီးပြီး ထိုင်းနိုင်ငံကို လွှဲပြောင်းပေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။







Comments