BGFထိန်းသိမ်းထားတဲ့ထဲက တရုတ်နဲ့အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ပြင်ဆင်နေ
- BVJ

- Mar 4
- 1 min read
BVJ/ထက်အောင် _ မတ် ၄ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိန်းသိမ်းရေးစခန်းတွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံခြားသားတွေထဲက တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေက အခုရက်ပိုင်းအတွင်း ပြန်လည်ခေါ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မော်ဇော်က ပြောပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းရေးစီမံချက်အတွင်း မြဝတီမြို့နယ် ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်တို့မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ဝင်ရောက်စီးနင်း ရှာဖွေချိန် နိုင်ငံခြားသား ၇၀၀၀ ကျော်ကို BGF က ထိန်းသိမ်းထားခဲ့တာပါ။
“ထိန်းသိမ်းထားတဲ့သူတွေကို ပြန်ပို့ဖို့အခြေအနေကတော့ အခုလက်ရှိအစီအစဉ်ကတော့ နည်းနည်းတိုးတက်လာပြီလို့ ပြောရမှာပေါ့။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ တာဝန်ရှိသူတွေရယ်၊ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေရယ်၊ တရုတ်နိုင်ငံ တာဝန်ရှိသူတွေရယ် တွေ့ဆုံပြီးတော့မှ ရလဒ်ကောင်းတချို့တော့ ရရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံသား ပြန်ခေါ်မယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ အရေအတွက်တော့ အတိအကျ မသိရသေးပါဘူး” လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က သတင်းမီဒီယာတွေကို မနေ့ မတ်လ ၃ ရက်မှာ ဖြေဆိုထားပါတယ်။

ဖေဖော်ဝါရီ တတိယပတ်အတွင်းကလည်း တရုတ်နိုင်ငံသား ၆၀၀ ကျော်ကို BGF က ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ချိန် တရုတ်အစိုးရက စင်းလုံးငှားလေယာဉ်တွေနဲ့ မဲဆောက်လေဆိပ်ကနေတဆင့် ပြန်ခေါ်သွားခဲ့ပါတယ်။
ထိန်းသိမ်းရေးစခန်းတွေထဲမှာ ကျန်ရှိနေသေးတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ရှိနေပြီး အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတွေက မဲဆောက်ကနေတဆင့် စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတာတွေရှိတယ်လို့ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို BGF က ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါသေးတယ်။
ကျားဖြန့်နှိမ်နင်းရေးစီမံချက်အတွင်း မြဝတီမြို့နယ်မှာ ထိန်းသိမ်းထားခံရထားတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသား ၄၈၆၀ ဦး၊ အင်ဒိုနီးရှား ၂၈၃ ဦး၊ အီသီယိုပီးယား ၄၃၀ ဦး၊ အိန္ဒိယ ၅၂၆ ဦး၊ ဗီယက်နမ် ၅၇၂ ဦးတို့ အများဆုံးပါဝင်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံက နိုင်ငံခြားသားတွေကို BGF က ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။







Comments