AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ် နယ်ခြားစောင့်တပ်ဌာနချုပ်ဟောင်းနေရာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
- BVJ

- Mar 4, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၁ ၊ ၂၀၂၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်ပြင်ရွာက စစ်ကောင်စီတပ်စခန်းဟောင်းနေရာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ် ကျီးကန်းပြင်ရွာက စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်း ဌာနချုပ်ဟောင်းနေရာကို မတ်လ ၁ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကျီးကန်းပြင်ရွာ စစ်ကောင်စီတပ်စခန်းဟောင်းနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ စစ်သုံ့ပန်း ထားရှိမှု ရှိ မရှိအခြေအနေနဲ့ပတ်သက်ပြီး AA သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကျီးကန်းပြင်တပ်စခန်းဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်း (နခခ) တွေကို ကွပ်ကဲနေတဲ့ ဌာနချုပ်နေရာတစ်ခုဖြစ်ပြီး AA တပ်တော်က ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်က အပြီးသတ်သိမ်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် ဘာသာရေးအဆောက်အအုံနဲ့ ဒေသခံပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို AA တပ်တော် ထိန်းသိမ်းထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း သေဆုံးမှုတွေလည်း ရှိနေပါတယ်။




Comments