၂၁ရက်ကြာအပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဗုံးကြဲလို့ ကရင်မှာ လသားကလေးငယ်နဲ့ ၁၂နှစ် ကလေး သေဆုံး
- BVJ

- Apr 18
- 1 min read
BVJ/မိုနာ_ ဧပြီ ၇၊ ၂၀၂၅

အခုလ ၂ရက်နေ့ ညနေ ၄း၂၂မိနစ်အချိန်မှာ ကရင်ပြည်နယ်၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ဒွယ်လိုး မြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စု၊ နဲကကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးသီး(၃)လုံး ကြဲချခဲ့တာကြောင့် သုံးလကလေးငယ်နဲ့ ၁၂နှစ် ကျောင်းသူတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ KNUက ဒီနေ့မှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် စောခင်မောင်လွင်ဆိုတဲ့ အသက်သုံးလသာရှိသေးတဲ့ ကလေးငယ်ဟာ ရင်ဘတ်ထိမှန်သေဆုံးခဲ့ရသလို လေးတန်းကျောင်းသူ နော်ဝါစိုဖော(၁၂ နှစ်)ကလေးဟာလည်း ရင်ဘတ်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် နောက်ထပ် သုံးတန်းကျောင်းသူကလေးတစ်ဦးဟာလည်း ကျောရိုးဘယ်ဘက်ခြမ်းဒဏ်ရာရခဲ့ပြီး အသက် ၅၀နဲ့ ၅၄အရွယ်ရှိ ပြည်သူနှစ်ဦးဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် (၃)လုံးလည်း ပျက်ဆီးခဲ့ပါတယ်။
“အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ ငလျင်ဘေးသင့်၍ အတိဒုက္ခရောက်နေချိန် တွင် ဒေသခံပြည်သူများရှိရာသို့ လက်နက်ကြီးများ၊ လေကြောင်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက် လျက်ရှိရာ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောင့်ကြစွာဖြင့် နေထိုင်နေရသည်”လို့ KNUက ဖော်ပြထားပါတယ်။
မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူသားချင်းစာနာထောက်ထားမှုအနေနဲ့ အခုလ ၂ရက်ကနေ ၂၂ရက်အထိအပစ်ရပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းနဲ့မကွေးတိုင်းတွေအပါအဝင် ဒေသအချို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။







Comments