၂၀၂၅မှာ အောင်ပွဲတွေပိုယူဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြင်ဆင်နေကြ
- Zayar Oo
- Jan 2, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၂၊ ၂၀၂၅

အခုနှစ် ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအောင်ပွဲတွေပိုယူနိုင်ဖို့ ပြင်ဆင်နေကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUGနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFအပါအဝင် စစ်အာဏာရှင်ကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ဖော်ပြောလာကြပါတယ်။
“ဒီ ၂၀၂၅မှာ ကျနော်တို့ရဲ့အောင်ပွဲတွေကို ပိုစုယူနိုင်ဖို့အတွက်ကိုကျနော်တို့ပြင်နေတယ်။ အဲ့ဒီအတွက်ကို ကျနော့်အနေနဲ့လည်း confidenceလုံးဝရှိလာတယ်ပေါ့နော်။... ၂၀၂၅ ထဲမှာပေါ့နော် ကျနော်တို့ ကရင်နီပြည်နယ်မှာဆိုရင်တော့ စခန်းတွေကို အပြတ်သိမ်းနိုင်ဖို့အတွက်လုပ်ပါ့မယ်။ အဲဒီအတွက်ကို ပြည်သူတွေက စောင့်ကြည့်ပေးပြီးမှ အားပေးကြဖို့ပြောလိုပါတယ်”
၂၀၂၅ခုနှစ်မှာ အပြီးပြတ်သိမ်းနိုင်ဖို့အတွက် ကြိုးစားမှာဖြစ်တဲ့အတွက် ပြည်သူတွေစောင့်ကြည့်ပေးကြဖို့နဲ့ အားပေးကြဖို့ကို KNDFဥက္ကဌ ခွန်ဘီထူးက မနေ့က ဇန်နဝါရီ ၁ရက်နေ့က နှစ်သစ်ကူးသတင်းစကားပြောရင်း ထည့်သွင်းပြောခဲ့တာပါ။
ဒါ့အပြင် လက်ရှိနွေရာသီကာလမှာ စစ်ကောင်စီဘက်က ထိုးစစ်တွေကိုစောင်ကြည့်ခဲ့ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီကပြန်ရဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်မှုမရခဲ့တာကို တွေ့ရတယ်လို့ ပြောပါတယ်။
NUGယာယီသမ္မတ ဒူဝါလရှီးလကလည်း နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလိုပြောကြားပါတယ်။
“၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုပြီး လက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ မြင်ပါတယ်”
ဒါကြောင့်NUGအနေနဲ့လည်း မဟာမိတ်ရေးရာကဏ္ဍကို အခုထက်ပိုအားစိုက်သွားမယ်လို့ ယာယီသမ္မက ပြောကြားပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ ကျောင်းသားလက်ရုံးတပ်တော်-SAFကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာ လေးနှစ်တာသင်ကြားခဲ့တဲ့ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊စစ်ဆင်ရေးနဲ့ စည်းရုံးရေးဆိုင်ရာအတွေ့အကြုံတွေနဲ့အတူ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေး ပြင်ဆင်နေပါပြီ။
အခု ၂၀၂၅ခုနှစ်ဟာ တောင်တန်းဒေသတွေကနေ မြေပြန့်ဒေသတွေဆီကို တော်လှန်ရေးခရီးဆက်ရမယ့်နှစ် တော်လှန်စစ်ကိုဝတ်မှုန်ကူးသယ်ဆောင်ရမယ့်နှစ်တစ်နှစ်အဖြစ် ယုံကြည်တယ်လို့ SAFက မနေ့က ဇန်နဝါရီ ၁ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၂၅ခုနှစ်ဟာ တော်လှန်စစ်ကိုပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစု တပ်ရပ်ဖြစ်လာရေး နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေးအကောင်အထည်ဖော်ရမယ့် အရေးကြီးတဲ့နှစ် ဖြစ်တယ်လို့လည်း ပြောထားပါတယ်။
NUGနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တော်လှန်ရေးအောင်ပွဲအတွက် ယုံကြည်ချက်တွေပိုခိုင်မာလာချိန်မှာ တဖက်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခဟာ စိန်ခေါ်မှုတခုဖြစ်တာကြောင့် နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုတဲ့ ပြောဆိုမှုတွေတောက်လျောက်ရှိနေပြီး မနေ့က ဇန်နဝါရီ ၁ရက် နှစ်သစ်ကူးမိန့်ခွန်းမှာလည်း ထပ်ပြောလာပါသေးတယ်။
“ကျနော့်အနေနဲ့ နိုင်ငံတော်အကျိုးအတွက်၊ ပြည်သူတွေရဲ့ အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ရည်ရွယ်ချက်သာရှိပါတယ်။ ဒါကို ပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရာမှာ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေကို ပြောလာပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ်မြေတွေကို ပြန်လည်ရရှိရေး အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင် တိုက်ခိုက်မှုတွေရှိနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။







Comments