၂၀၂၅မှာ ပြည်သူလိုလားတဲ့ပန်းတိုင်ကိုရောက်ဖို့ ကြိုးပမ်းနေကြောင်း NUG နဲ့ အဖွဲ့အစည်းလေးခု ပူးတွဲထုတ်ပြန်
- BVJ

- Feb 5
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၄၊ ၂၀၂၅

၂၀၂၅ မှာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းချီတက်နိုင်ဖို့ ရရှိထားပြီးတဲ့ စုစည်းညီညွတ်မှုတွေထက် ပိုမိုကျယ်ပြန့်ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရရှိစေဖို့ ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန် တိုက်ပွဲဝင်နေကြောင်း အပါအဝင် အချက်(၁၀)ချက်ပါ ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGနဲ့ ချင်းညီနောင်အဖွဲ့ -CB အပါအဝင် အဖွဲ့အစည်း (၅)ခုက မနေ့က ဖေဖော်ဝါရီ ၃ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
အဲ့ဒီထဲမှာ စစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေခြင်းဟာ မြန်မာနိုင်ငံပြိုကွဲမှုကိုဦးတည်စေပြီး ပဋိပက္ခတွေကိုသာ တိုးပွားလာစေမယ့်အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေ ပိုမိုပေါ်ပေါက်လာစေမှာဖြစ်တာကြောင့် ပြည်သူလူထုနဲ့နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်း ပံ့ပိုးကူညီတာတွေမလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေး ဦးတည်ချက် ခြောက်ရပ်ကိုလည်း ချမှတ်ထားပြီး အဲ့ဒီထဲမှာ ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်" မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုပြန်လည်ရရှိရေးနဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်ဆိုတဲ့အချက်လည်း ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကလည်း မြန်မာနိုင်ငံရဲ့လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးတယ်လို့ မှတ်ယူတယ်လို့လည်း အချက်(၁၀)ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်အုပ်စုကိုလေယာဉ်ဆီတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ မရောင်းချဖို့၊ သံတမန်ရေးရာအရ အသိအမှတ်မပြုဖို့အတွက် နိုင်ငံတကာကိုတိုက်တွန်းတောင်းဆိုထားပါသေးတယ်။
အခုပူးတွဲကြေညာချက်ကို ချင်းညီနောင်အဖွဲ့ (CB)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့က ပူးတွဲထုတ်ပြန်တာပါ။







Comments