top of page

ဧပြီ ၅ ရက်နေ့ သတင်းများ

  • Writer: BVJ
    BVJ
  • Apr 18
  • 3 min read

အပစ်ရပ်စဲရေးထုတ်ပြန်ထားတဲ့စစ်ကောင်စီက ကရင်နီပြည်နယ် ပီကင်းကောခူရွာကို လေကြောင်းတိုက်ခိုက်၊ အရပ်သားပြည်သူ ၅ ဦး သေဆုံး


ree

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ပီကင်းကောခူရွာကို စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နဲ့ ကရင်နီပြည်နယ် လွိုင်ကော်မြို့ ကားလမ်းမနံဘေးမှာရှိတဲ့ ပီကင်းကောခူရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၄ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို နေ့လည် ၂ နာရီဝန်းကျင်နဲ့ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့လည်း သိရပါတယ်။


“တိုက်ပွဲကတော့ ကြီးကြီးမားမားမရှိဘူး။ သေဆုံးသူ ၅ ဦးရယ်၊ လောလောဆယ် ထိခိုက်ဒဏ်ရာရသူ ၁ ဦးရှိတယ်။ သူကလည်း စိုးရိမ်ရတဲ့အခြေအနေမျိုးဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုက အခုရက်ပိုင်း စစ်ကောင်စီဘက်က အချိန်မရွေး လုပ်နေတာတွေ ရှိနေတယ်။ လက်နက်ကြီးပစ်ခတ်မှုတွေကလည်း မိုးဗြဲနဲ့ အနီးတဝိုက်က မနေ့ကအထိ ပစ်ခတ်ခဲ့တာတွေရှိတယ်” လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက Burma VJ ကို ပြောပါတယ်။


မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက မိုးဗြဲမြို့နဲ့အနီးတဝိုက်ကို မနေ့ ဧပြီ ၄ ရက်မှာ တစ်နေ့လုံးနီးပါး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုအတွင်း ဒေသခံပြည်သူအဆောက်အအုံအချို့ ထိခိုက်ပျက်စီးကာ လူသေဆုံးမှုရှိခဲ့တာလည်း ဖြစ်ပါတယ်။


ငလျင်ဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပေမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကလည်း ဖရူဆိုမြို့နယ် ညောင်ဇင်ရပ်ကွက်နဲ့ ရွှေပြည်သာရပ်ကွက်တို့က ဒေသခံပြည်သူနေအိမ်တွေကို စစ်ကောင်စီက မိးရှို့ဖျက်ဆီးခဲ့တာကြောင့် အရပ်သားပြည်သူနေအိမ် ၆ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နောက်ပိုင်း စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့သလို နိုင်ငံတစ်ဝန်း မနေ့ ဧပြီ ၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု ၉၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။


ငလျင်ဘေးကြောင့် အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီး ၆ ဦးအပါအဝင် ၁၂ ဦး သေဆုံး


ree

အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေး အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသူ ၆ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။


မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိုးဘိုထောင်တွင်း အမျိုးသားဆောင်အလုပ်ရုံနဲ့ အမျိုးသမီးဆောင် (၁)၊ အဆောင် (၂) တို့ ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး (၁၂) ဦး သေဆုံးမှုရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ (၆) ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။


ငလျင်ဘေးကြောင့် အိုးဘိုးထောင်အတွင်း သေဆုံးခဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေဖြစ်တဲ့ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်း နဲ့ မဖူးဖူးဝေတို့ ပါဝင်တယ်လို့ သိရပြီး သေဆုံးသူအခြား ၆ ဦးကိုတော့ မသိရသေးပါဘူး။


“လက်ရှိမှာ ကျဆုံးသွားတဲ့သူတွေက ၅၀၅-က အပါအဝင် ၅၁၊ ၅၂ ကဲ့သို့ အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့သူတွေ ပါဝင်ပါတယ်။ ဒီထဲက တစ်ဦးကတော့ နိုင်ငံရေးမှုနဲ့ အမှုရင်ဆိုင်နေရဆဲ အချုပ်သူတစ်ဦးဖြစ်ပါတယ်။ ဒီနိုင်ငံရေးအကျဉ်းသူတွေကတော့ ငလျင်ဒဏ်ကြောင့် နေရာမှာတင် ကျဆုံးခဲ့ကြတာရှိသလို အရေးပေါ်ဆေးကုသနေရင်း ကျဆုံးခဲ့ရတာရှိတယ်လို့ သိရပါတယ်”လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကိုပြောပါတယ်။


ငလျင်လှုပ်ခတ်ချိန်မှာ ထွက်ပြေးနိုင်ခွင့် မရရှိခဲ့တဲ့အတွက်ကြောင့်ရော အဆောက်အဦးရဲ့ခံနိုင်ဝန်ကြောင့်ရော သေဆုံးခဲ့ရတာဖြစ်ပြီး ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိထားသူတွေအနေနဲ့လည်း ဆေးဝါးကုသခွင့်မရရှိသေးဘူးလို့လည်း သိရပါတယ်။


“ငလျင်လှုပ်ခတ်တဲ့အချိန်က တန်းပိတ်ထားချိန်ဖြစ်တဲ့အတွက် ထွက်ပြေးဖို့ အခွင့်အလမ်းမရှိသလို ထွက်ပြေးနိုင်ခွင့်လည်းမရခဲ့ပါဘူး။ အကျဉ်းသားအကျဉ်းသူတွေကိုလည်း အခန်းကျဉ်းထဲမှာ သတ်မှတ်လူဦဲးရေထက် ပိုမိုထားခဲ့တာဖြစ်တဲ့အတွက် ခံနိုင်ဝန်မရှိတော့တဲ့အတွက် အဆောင်ပြိုကျခဲ့တာဖြစ်ပြီး အုတ်ရိုးပိ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့တာ များတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်း ပြင်ပဆေးရုံမှာ လူတွေများနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့် တောင်းခံနေသော်လည်း ခုချိန်ထိ ဆေးဝါးကုသခွင့်ပေးတာ မတွေ့ရသေးပါဘူး” လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။


အကျဉ်းဦးစီးဌာနက သတင်းအမှောင်ချထားတဲ့အတွက် သတင်းအချက်အလက် အတိအကျမရရှိနိုင်ဘဲ သေဆုံးသူ အနည်းဆုံး (၁၂) ဦးရှိခဲ့ပြီး လတ်တလော အတည်ပြုနိုင်တဲ့ သေဆုံးသူစာရင်းထဲမှာ နိုင်ငံရေးအကျဉ်းသူ (၆) ဦးပါဝင်တယ်ဆိုတာပဲ သိရပါတယ်။


ငလျင်လှုပ်ခတ်ချိန်အတွင်း အကျဉ်းထောင် အဆောင်တံခါးတွေကိုဖွင့်ပေးဖို့ တောင်းဆိုခဲ့တာတွေရှိပေမဲ့ အကျဉ်းထောင်အာဏာပိုင်တွေ လျစ်လျူရှုခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။


စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အချို့ဒေသတွေမှာ အင်အားပြင်းငလျင်ဘေးဒဏ် ကြုံတွေ့ခဲ့ရပြီးနောက် သေဆုံးသူ ၃၀၀၀ ကျော်အထိရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့လည်း သိရပါတယ်။ ပြိုကျအဆောက်အအုံတွေကြား ပိတ်မိနေသူတွေလည်းရှိနေပြီး အချို့နေရာတွေမှာ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေပေမဲ့ ပျောက်ဆုံးနေသူ ၇၀၀ ကျော်ခန့်ရှိတယ်လို့လည်း သိရပါတယ်။



ဘူတန်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွဲရိုက်ထားတဲ့ပုံကို ပြန်လည်ဖယ်ရှားခဲ့


ree

ဘင်းစတက် (BIMSTEC) အစည်းအဝေးကို တက်ရောက်လာတဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘင်းစတက်အစည်းအဝေးမှာ တွဲရိုက်ထားတဲ့ဓာတ်ပုံ ဘူတန်ဝန်ကြီးချုပ် Tshering Tobgay က သူ့ရဲ့လူမှုကွန်ရက် (Facebook) ကနေ ပြန်လည်ဖယ်ရှားခဲ့ပါတယ်။


မနေ့ ဧပြီ ၄ ရက် ဘန်ကောက်မြို့ ဘင်းစတက်အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဘူတန်ဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရမှုကို ဝမ်းမြောက်ကြောင်း ရေးသားခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာစေကာ လာမယ့်နှစ်တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ငလျင်ဘေးဒဏ် ကြုံတွေ့ခဲ့ရမှုအတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမယ်လို့ ရေးသားဖော်ပြထားလည်း ဖြစ်ပါတယ်။


ဘူတန်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ တွဲရိုက်ပြီး ရေးသားခဲ့တဲ့ ပို့စ်အောက်တွင် မြန်မာပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်မှတ်ချက်ပေးရေးသားခဲ့ပြီး မင်းအောင်လှိုင်က မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေသူတစ်ဦးသာဖြစ်ပြီး မြန်မာခေါင်းဆောင် မဟုတ်ကြောင်းကိုလည်း ရေးသားခဲ့ကြတာလည်း ဖြစ်ပါတယ်။


ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုတွေ ကြုံတွေခဲ့ရပြီးနောက် ဒီနေ့ ဧပြီလ ၅ ရက် မနက်ပိုင်းမှာ မင်းအောင်လှိုင်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ရေးသားထားတဲ့ပို့စ်ကို ဘူတန်ဝန်ကြီးချုပ်က ပြန်လည်ဖယ်ရှားခဲ့တာလည်း ဖြစ်ပါတယ်။


ဒါပေမဲ့ ဘင်းစတက်အစည်းအဝေးကို တက်ရောက်လာတဲ့ တခြားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဘူတန်ဝန်ကြီးချုပ် တွဲရိုက်ထားတဲ့ဓာတ်ပုံမှတ်တမ်းတွေကတော့ သူ့ရဲ့လူမှုကွန်ရက် (Facebook) ဆက်လက်ရှိနေတာလည်း ဖြစ်ပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC လွှဲပြောင်းပေးရေး ထိုင်းမှာဆန္ဒပြ ၊

ခရီးစဥ်တစ်ရက်စောပြီး မင်းအောင်လှိုင် မြန်မာပြည်သွားရ


ree

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဘင်းစတက် (BIMSTEC) အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။


မြန်မာဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Bright Future အဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ဧပြီ ၅ ရက် မနက်ပိုင်းက ဘန်ကောက်မြို့ ကုလသမဂ္ဂသံရုံးရှေ့မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ထိုင်းအမျိုးသားရေးအဖွဲ့က ဝင်ရောက်နှောင့်ယှက်ခဲ့တာကြောင့် နှစ်ဖက်ရုန်း ရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။


ဒါ့အပြင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့ Mok Luang Rim Nam လူငယ်အဖွဲ့ ကလည်း ဘန်ကောက်မြို့ စစ်ကောင်စီသံရုံးရှေ့မှာ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက မကြိုဆိုကြောင်းနဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရကိုလည်း ဝေဖန်ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။


မနေ့ ဧပြီ ၄ ရက်ကလည်း Thammasat တက္ကသိုလ် ပထမနှစ်ကျောင်းသား ထိုင်းနိုင်ငံသား လူငယ်တစ်ဦးကလည်း ဘင်းစတက်အစည်းအဝေးကျင်းပနေတဲ့ ရှန်ဂရီလာဟိုတယ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက မကြိုဆိုကြောင်းနဲ့ သွေးစွန်းနေတဲ့ စစ်ခေါင်းဆောင်လက်ကို ထိုင်းဝန်ကြီးချုပ် လက်ဆွဲနှုတ်ဆက်ရတာ ဘယ်လိုခံစားရလဲဆိုပြီး ဆန္ဒပြခဲ့တာကြောင့် ထိုင်းတာဝန်ရှိသူတွေက ယာယီဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။


အာဂျင်တီးနား ဗျူနိုအေးရီစ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ရောက်နေချိန် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) တာဝန်ရှိသူတွေအနေနဲ့ စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဆီးပေးဖို့ကိုလည်း မြန်မာရိုဟင်ဂျာအသင်း-ယူကေ (BROUK) ကလည်း တောင်းဆိုမှုတွေလည်း ရှိခဲ့ပါသေးတယ်။


ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ဖမ်းဆီးပေးဖို့ တောင်းဆိုခံခဲ့ရပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ မူလစီစဉ်ထားတဲ့ ခရီးစဉ်ဖြစ်တဲ့ ဒိနေ့ ဧပြီ ၅ ရက်ထက်စောပြီး မနေ့ ဧပြီ ၄ ရက် ည ၉ နာရီဝန်းကျင်မှာ ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွား တယ်လို့လည်း သိရပါတယ်။



ရိုးမဘဏ်ဥက္ကဌ ဦးသိမ်းဝေနဲ့ ဒါရိုက်တာအဖွဲ့ ကို ထောင်ချလိုက်ပြီလို့ သတင်းတွေထွက်လာ


ree

ကနဦးရရှိထားတဲ့သတင်းတွေအရ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန်အပါအဝင် ရိုးမဘဏ်ဒါရိုက်တာ ၉ ဦးကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်ပြီလို့ သိရပါတယ်။


ရိုးမဘဏ်ဥက္ကဌ ဦးသိမ်းဝေ ၁၃နှစ်၊ CEO ဦးဘမောင်စိန် ၁၁နှစ်၊ ဦးဇာနည် ၁၁နှစ်နဲ့ ကျန်လူတွေ ၃နှစ် ထောင်ဒဏ်အသီးသီးချမှတ်ခံရတဲ့အကြောင်း ရန်ကုန်က သတင်းရင်းမြစ်တစ်ခုကတဆင့် သိရပါတယ်​။ Burma VJက ဦးသိမ်းဝေတို့ ထောင်ချခံရတဲ့သတင်းသီးခြားအတည်ပြုနိုင်ဖို့ Yoma Bank Limited ကို ဆက်သွယ်အကြောင်းကြားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။


ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန်အပါအဝင် ရိုးမဘဏ်ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုနဲ့ နေပြည်တော်မှာ ၂၀၂၄ ဇူလိုင်လကတည်းက ထိန်းသိမ်းဖမ်းဆီးထားပြီး အခုမှ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။


ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း ရောင်းဝယ်မှုတွေမှာ ရိုးမဘဏ်ကပါဝင်ပတ်သက်မှုနေတယ်ဆိုပြီး နိုင်ငံခြားငွေဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိုးမဘဏ် နဲ့ ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်း ဝေခေါ် Serge Pan အပါအဝင် ဒါရိုက်တာအဖွဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ရိုးမဘဏ်ဟာ ၁၉၉၃ ခုနှစ် မေလမှာ ဦးသိမ်းဝေရဲ့ FMI ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီမှ စတင်တည်ထော င်ခဲ့ပြီး မြို့ပေါင်း ၄၃ ခုတွင် ဘဏ်ခွဲပေါင်း ၈၅ ခု ဖွင့်လှစ်ထားတဲ့ ဘဏ်ကြီးတစ်ခု ဖြစ်ပါတယ်။


စစ်ကောင်စီက နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဇေသီဟတို့ကို၂၀၂၂ခုနှစ်က ဖမ်းဆီးခဲ့ပါတယ်။ ဦးခင်ရွှေကိုပြန်လွှတ်ပေးခဲ့ပေမယ့် သားဖြစ်သူ ဇေသီဟ ကိုတော့ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။


အာဏာသိမ်းစစ်ကောင်စီက သူတို့ကိုမထောက်ခံတဲ့ သူတို့မကြိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကို စောင့်ကြည့် အမှားရှာပြီး ဖမ်းဆီး ထိန်းသိမ်း ထောင်ချတာတွေ လုပ်လေ့ရှိပါတယ်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဥက္ကဋ္ဌ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ ခရိုနီဧဒင်ဦးချစ်ကို လည်း ၂၀၂၂ခုနှစ် ဧပြီလက ဖမ်းဆီးခဲ့ပါတယ်။


၂၀၂၂ခုနှစ်မတ်လ ဇေကမ္ဘာဦးခင်ရွှေတို့ သားအဖအဖမ်းခံရပြီး တစ်လအကြာမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်နဲ့ သားဖြစ်သူ ဦးဝင်းမင်းခိုင် တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅နဲ့ ဖမ်ဆီးခဲ့တာဖြစ်ပါတယ်။


မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသက်လေပြင်းကျရောက်နေ


အင်အားပြင်းငလျင်ဒဏ်ကြုံတွေ့ခဲ့ပြီး လူသေဆုံးမှုနဲ့ အဆောက်အအုံပြိုပျက်မှုများခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ဒီနေ့ ဧပြီ ၅ ရက် ညပိုင်းမှာ မိုးသက်လေပြင်းကျရောက်နေတာကြောင့် ငလျင်ဘေးဒဏ် ကြုံတွေ့နေရပြီး လမ်းမနံဘေးမှာ ယာယီနေထိုင်ရသူတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိလည်း နောက်ဆက်တွဲငလျင်ငယ်လေးတွေ မကြာခဏ လှုပ်ခတ်နေမှုရှိနေတာကြောင့် စစ်ကိုင်းနဲ့ မန္တလေးက ဒေသခံပြည်သူတွေဟာ နေအိမ်အဆောက်အအုံထဲမှာ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ခြင်းမရှိသေးသလို မန္တလေးနန်းမြို့ရိုး ကျုံးပတ်လည်တစ်လျှောက်၊ ဘောလုံးကွင်း၊ ဘုန်းကြီးကျောင်းဝင်းတွေအတွင်းမှာသာ ယာယီတဲထိုးနေထိုင်ကြရတာလည်း ဖြစ်ပါတယ်။


ဒီနေ့ နေ့လည် ၁၂ နာရီမှာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်ထူထပ်လာတာကြောင့် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေပြီး ၂၄ နာရီအတွင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း သူရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page