ဧပြီ ၄ ရက်နေ့ သတင်းများ
- BVJ

- Apr 18
- 4 min read
မြန်မာစစ်ခေါင်းဆောင်ကို မကြိုဆိုကြောင်း ထိုင်းမှာဆန္ဒပြ

ထိုင်းနိုင်ငံမှာ BIMSTEC အစည်းအဝေးတက်ရောက်ဖို့လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မကြိုဆို၊ အလိုမရှိကြောင်း ဗီနိုင်းချိတ်ဆွဲပြီး ဒီနေ့မနက် ၈နာရီခန့်မှာ ဆန္ဒပြခဲ့ကြပါတယ်။
BIMSTEC အစည်းအဝေးကျင်းပမယ့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်နားက ကျောက်ဖရားမြစ် တံတားတစင်းပေါ်မှာ “လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့ မကြိုဆိုဘူး”လို့ အဓိပ္ပါယ်ရတဲ့ ဗီနိုင်းကို အင်္ဂလိပ်စာဘာသာနဲ့ရေးသားချိတ်ဆွဲထားတာဖြစ်ပြီး အဲ့ဒီဗီနိုင်းကိုချိတ်ဆွဲပြီး ခဏအကြာမှာ ထိုင်းအာဏာပိုင်တွေကလာရောက်ဖယ်ရှားခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
အစည်းအဝေးတက်ရောက်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မနေ့က ဧပြီ ၃ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး စစ်ခေါင်းဆောင်ကို ဆန္ဒပြတဲ့အနေနဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဒီနေ့ဧပြီ (၄)ရက်မှာ တစ်ရက်အလုပ်မဆင်းကြဖို့နဲ့ အနက်ရောင်တွေကို ဝတ်ဆင်ကြဖို့ နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုတွေက မြန်မာ၊ ထိုင်း၊အင်္ဂလိပ်ဘာသာတို့နဲ့ ကြေညာချက်ထုတ် တိုက်တွန်းထားပါတယ်။
ငလျင်ဘေးအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၅သန်း ကူညီ၊ မြန်မာစစ်တပ်ဆီ လုံးဝမစီးဆင်းဟု ထုတ်ပြန်
မြန်မာငလျင်ဘေးအတွက် ယူကေအစိုးရ ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီကနေ နောက်ထပ် စတာလင်ပေါင် ငါးသန်း ထပ်တိုးကူညီမယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။
အရင်က စတာလင်ပေါင် ၁၀သန်း ကနဦးပံ့ပိုးပေးခဲ့ပြီးဖြစ်တာကြောင့် အခု ၅သန်းနဲ့ဆို စုစုပေါင်း ၁၅သန်း ကူညီထောက်ပံ့ပေးလာတာဖြစ်ပါတယ်။
“ယူကေအစိုးရ၏ရန်ပုံငွေများသည် မြန်မာစစ်တပ်ထံသို့ စီးဆင်းခြင်းလုံးဝမရှိပါ”လို့လည်း ယူကေအစိုးရ က အသိပေးထားပါတယ်။
အစားအစာ၊ ရေနဲ့ နေထိုင်စရာ အမိုးအကာတွေအစရှိတဲ့ အရေးပေါ် ပစ္စည်းတွေအပါအဝင် ယူကေအစိုးရရဲ့အကူအညီတွေဟာ ငလျင်ဒဏ်အပြင်းအထန်ဆုံးခံရတဲ့ဒေသတွေကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ယူကေဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး Baroness Chapman က ပြောထားပါတယ်။
အိန္ဒိယ၊ နီပေါဝန်ကြီးချုပ်တို့နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံ

ဘင်းစတက်အစည်းအဝေးကို တက်ရောက်လာတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၊ နီပေါဝန်ကြီးချုပ် မစ္စတာ ကေပီရှားမားအိုလီတို့နဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သီးခြားတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံမှုအတွင်း အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ရတဲ့ မြန်မာနိုင်ငံငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း၊ ကူညီထောက်ပံ့ရေးအတွက် လုပ်ဆောင်နေကြောင်းတို့ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန် ၂၀၁၅ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ နီပေါငလျင်ဘေးကြောင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မှု အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးဖို့ကိုလည်း သီးခြားတွေ့ဆုံမှုမှာ တောင်းဆိုခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနဲ့ နီပေါဝန်ကြီးချုပ်အပါအဝင် ဘင်းစတက်အဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ BIMSTECအစည်းအဝေးကို တက်ရောက်ဖို့ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
အဲ့ဒီတွေ့ဆုံမှုကို အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ လူမှုကွန်ရက်စာမျက်နှာ(Facebook)မှာ ဖော်ပြချက်အရ မြန်မာစစ်ခေါင်းဆောင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာ သုံးနှုန်းဖော်ပြခဲ့တာကို တွေ့ရပါတယ်။
ဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုဖမ်းပေးဖို့ အင်တာပိုအဖွဲ့ဝင် ထိုင်းနိုင်ငံကို တောင်းဆို

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်ရှိနေချိန်မှာ အင်တာပိုအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ဖမ်းဆီးပေးဖို့အတွက် မြန်မာရိုဟင်ဂျာအသင်း-ယူကေ (BROUK) က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ်ကတည်းက အင်တာပိုအဖွဲ့ဝင်နိုင်ငံအနေနဲ့ ရှိနေခဲ့တာပါ။
အာဂျင်တီးနိုင်ငံ ဗျူနိုအေးရိစ်တရားရုံးက အခု ဧပြီ ၁ ရက်မှာ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) အဖွဲ့ဝင်နိုင်ငံတွေကို ဖမ်းဝရမ်းစာရင်း တရားဝင်ပေးပို့ထားတာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံအနေနဲ့ ဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု စတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အဖွဲ့ဝင် ၂၃ ဦးနဲ့ အရပ်ဘက် ၂ ဦးကို ဖမ်းဆီးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ အာဂျင်တီးနားတရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီခေါင်းဆောင်ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၆) ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍပေါင်းစုံအစည်းအဝေး (BIMSTEC) ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အတွက် ထိုင်းအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရသလို စစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်ချိန်မှာ ဆန္ဒပြကန့်ကွက်မှုတွေလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်လည်း အာဆီယံအဖွဲ့နိုင်ငံဖြစ်တဲ့ အင်တာပိုအဖွဲ့ဝင်ဟောင်း ဖိလစ်ပိုင်နိုင်ငံကလည်း သမ္မတဟောင်းဖြစ်သူ ရိုဒရီဂိုဒူတာတေးကို အင်တာပိုအဖွဲ့က မနီလာလေဆိပ်မှာ ဖမ်းဆီးပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို ပို့ဆောင်ခဲ့ပါသေးတယ်။
လားရှိုးကနေ ကိုးကန့်တပ်ပြန်ဆုတ်ပြီး စစ်ကောင်စီပြန်အုပ်ချုပ်တော့မယ်
■ မြို့တွင်းနေထိုင်သူများ စိုးရိမ်ပူပန်နေ

၁၀၂၇စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်မတော်MNDAAနဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့ပြီး MNDAAကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ MNDAAတပ်တွေဟာ အခုရက်ပိုင်းအတွင်း ပြန်လည်ဆုတ်ခွာပေးဖို့ စစ်ကောင်စီတပ်နဲ့သဘောတူညီမှုရယူထားတယ်လို့ သိရပါတယ်။
MNDAAက လားရှိုးမြို့ထဲကနေပြန်လည်ဆုတ်ခွာပြီး စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေက မြို့တွင်းပြန်နေရာယူမှာဖြစ်တယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။
“အခြေအနေတွေ သေချာမသိရသေးဘူး။ ပြန်ဆုတ်ဖို့တော့ များနေပြီလို့ခန့်မှန်းမိတယ်။ အကျိုးဆက် ဘာတွေဖြစ်လာမလဲဆိုတာ ညီမတို့လည်း နားစွင့်နေတယ်”လို့ လက်ရှိ လားရှိုးမြို့တွင်းနေထိုင်သူ တစ်ဦးက Burma VJကို ပြောပါတယ်။
လားရှိုးမြို့တွင်းမှာ မြို့သိမ်းတိုက်ပွဲအတွင်းအကျဉ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်းရှိနေသလို၊ MNDAAနဲ့ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူတွေလည်းရှိနေတာကြောင့် စစ်ကောင်စီပြန်အုပ်ချုပ်မယ်ဆိုပါက လုံခြုံရေးအတွက်စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
လားရှိုး၊ ကိုးကန့်မြေပြင်အခြေအနေတွေကို ဖော်ပြနေတဲ့ Wa News Landရဲ့ မြေပြင်သတင်းအရင်းမြစ်အရ MNDAA ထိန်းချုပ်ဒေသ လားရှိုးမြို့ရှိ ရပ်ကွက်တချို့တွေကို စစ်ကောင်စီတပ်က ပြန်အုပ်ချုပ်သွားမှာဖြစ်ပြီး မြို့ပြင်အားလုံး အထူးဒေသ (၁) ထဲပါဝင်ကာ ခရိုင် (၄) ခုအောက်မှာရှိတဲ့ မြို့၊ ရပ်ကွက်တွေမှာလည်း ကိုးကန့်တပ်က အရေးပေါ် တပ်သားသစ်တွေ ပြန်လည်စုဆောင်းနေတယ်လို့ သိရပါတယ်။
MNDAAဟာ လားရှိုးမြို့တွင်းကနေ အခုလ ၂၀ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရတော့မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
လားရှိုးမြို့မှာ ရပ်ကွက်အလိုက်အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်က ရပ်ကွက်တချို့ကို ပြန်အုပ်ချုပ်သွားမှာဖြစ်သလို ကိုးကန့်တပ်ဖက်က လားရှိုးကို ပြန်အုပ်ချုပ်သွားမဲ့ စစ်ကောင်စီတပ်ကို ဘေးပတ်ပတ်လည် ဝိုင်းရံကာကွယ်ပေးမဲ့ပုံစံမျိုးနဲ့ အုပ်ချုပ်သွားမှာဖြစ်ကြောင်းရှင်းပြခဲ့တယ်လို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက ပြောထားပါတယ်။
သိန္နီမြို့ဒေသခံတစ်ဦးကလည်း MNDAA တပ်တွေ စခန်းချထိုင်လာတဲ့ သိန္နီ၊ နမ့်စလပ်၊ ကျောင်းခမ်း၊ နားတီး တောက်လျောက်က ကိုးကန့်စစ်သားတွေအားလုံး လားရှိုးအောက်ဘက်ကိုဆင်းလာကြပြီး ခရိုင် လေးခုလုံးမှာလည်းတပ်သားသစ်တွေ အရေးပေါ် ပြန်စုဆောင်းနေတယ်လို့ Wa News Landကို ပြောထားပါတယ်။
တရုတ်နိုင်ငံဘက်က ထိန်းသိမ်းထားတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ MNDAA ခေါင်းဆောင်ဖုန်တာရွှင်ဟာလည်း အခုလ ၂ရက်နေ့ ငလျင်အလွန်ကူညီ ကယ်ဆယ်ရေးရန်ပုံငွေလှူဒါန်းပွဲမှာ လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့က MNDAAနဲ့ စစ်ကောင်စီအဖွဲ့တို့ဟာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဆွေးနွေးခဲ့ကြပြီး ဇန်နဝါရီလ (၁၈)ရက်နေ့ကစတင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ အခုလားရှိုးမြို့ကိုလည်း တရုတ်ရဲ့ဖိအားနဲ့ MNDAAက နောက်ပြန်ဆုတ်ပေးရတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
Fortify Rights အဖွဲ့ ရဲ့ အကြီးတန်းဒါရိုက်တာအဖြစ် ဘန်နဒစ်ရော်ဂျာကို ခန့်အပ်

မြန်မာ့အရေး ကူညီနေသူ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်တဲ့ ဘန်နဒစ်ရော်ဂျာကို စီနီယာဒါရိုက်တာအဖြစ်ခန့်အပ်ကြောင်း Fortify Rights အဖွဲ့က ဒီနေ့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။ Fortify Rights အဖွဲ့ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့က လူ့အခွင့်အရေးချိုးဖောက် ခံရမှုတွေကို စုံးစမ်းဖော်ထုတ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
“ဘန်နဒစ်ကို ကျွန်တော်တို့ Fortify Rights အဖွဲ့က ကြိုဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှာဖွေဖော်ထုတ်နေတဲ့ကိစ္စမှာ ကျွန်တော်တို့အဖွဲ့ ပိုပြီးလုပ်ဆောင်လာနိုင်အောင်၊ ကျွန်တော်တို့အဖွဲ့ပိုပြီးအားကောင်းလာအောင် သူ့အနေနဲ့ အများကြီးအကူအညီပေးနိုင်မှာပါ”လို့ Fortify Rights အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Matthew Smith က ပြောပါတယ်။
ဘန်နဒစ်ရော်ဂျာဟာ မြန်မာ၊ မြောက်ကိုရီးယား၊ဟောင်ကောင်နဲ့ တရုတ်ပြည်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး နှစ် ၃၀ ကျော်ကြာ အာရုံစိုက်လုပ်ကိုင်ခဲ့တဲ့သူဖြစ်ပြီး Hong Kong Watch အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၂၀ကနေ ၂၀၂၄ ခုနှစ်တာဝန် ယူခဲ့ပါတယ်။ ပြီးတော့ မြန်မာ့နိုင်ငံရေးအခြေအနေနောက်ခံကို ဆ ဖော်ပြထားတဲ့ A Nation at the Crossroad s (2012) စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။
ငလျင်လှုပ်တဲ့အချိန် ဒိုက်ဦးထောင်က အကျဥ်းသားတွေ အကူအညီမရတဲ့အပြင် အဆောင်တံခါးတွေပိတ်ခံထားရ
မတ်လ၂၈ရက်နေ့ ငလျင်လှုပ်ခတ်နေတဲ့အချိန် ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်အတွင်းက အဆောင်တံခါးတွေကို ထောင်အာဏာပိုင်တွေကပိတ်ထားပြီး ဘာအကူအညီမှမပေးဘဲအဆောင် ထဲမှာ ပိတ်လှောင်ထားတယ်လို့ ဒိုက်ဦးထောင်က နိုင်ကျဥ်းမိသားစုဝင်တစ်ဦးက Burma VJ ကိုပြောပါတယ်။
အင်အားပြင်း ငလျင်လှုပ်ခတ်နေတဲ့အချိန် အဆောင်တံခါးဖွင့်မပေးထားတဲ့အပြင် ဒိုက်ဦးအကျဉ်း ထောင်က တာဝန်ကျအဆောင်မှူးက ဆဲတာဆိုတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ် နေတဲ့ချိန် အဆောက်အအုံပြိုကျမှာပြိုကျမှာကို အဆောင်ထဲမှာပိတ်မိနေတဲ့ အကျဉ်းသားတွေ အဆောက်အအုံ ပြိုကျမှာကို ကြောက်ရွံ့ထိတ်လန့်ခဲ့ကြပါတယ်။
ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်းတို့က အကျဉ်းထောင်တွေမှာ သေဆုံးခဲ့ရတဲ့ အကျဉ်းသား တွေအတွက်လည်း သူတို့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း သတင်းစကားကို ဒိုက်ဦးအကျ ဥ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေက ပြောခိုင်းတဲ့အကြောင်း အထက်ပါ နိုင်ကျဥ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် မန္တာလေးအိုးဘိုထောင်က အဆောက်အဦးတွေပြိုကျခဲ့ပြီး အမျိုးသမီး အမျိုးသား (၄) ဦးသေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ၉ ဦး၊ ဆေးရုံတက်ရန်လိုအပ်တဲ့ သူ (၄၀) ဦးကျော်ကို ဆေးဝါးကုသခွင့်မပေးတဲ့အပြင် မိသားစုဝင်တွေနဲ့ ဆက်သွယ်တွေ့ဆုံခွင့် မပေးသေးဘူးလို့ PPNM ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြိုကျသွားတဲ့ ပျော်ဘွယ်ကမ္ဘောဇဘဏ်အဆောက်အအုံကနေ ၁၅ ဦးသာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာန အတည်ပြု
■ အင်အားပြင်းငလျင်ကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့

မတ်လ ၂၈ ရက် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် မြင်းဘတ်ရပ်ကွက် ဗန္ဓုလလမ်းပေါ်မှာရှိတဲ့ ကမ္ဘောဇဘဏ် ပြိုကျမှုအတွင်း လူထိခိုက်သေဆုံးမှုတွေရှိခဲ့ကာ ၁၅ ဦးသာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပျော်ဘွယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးရဲ့ အတည်ပြုချက်အရ သိရပါတယ်။
၅ ထပ်အဆောက်အုံ ကမ္ဘောဇဘဏ်အရှေ့ခြမ်း ပြိုကျပျက်စီးမှုအတွင်း Reception ဧည့်သည်တွေ လက်ခံတွေ့တဲ့ နေရာမှာ ပြိုကျခဲ့တာကြောင့် အလုပ်ကိစ္စနဲ့ ဘဏ်ကိုလာကြတဲ့ သူတွေနဲ့ ဝန်ထမ်းအချို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
“ဘဏ်က ၅ ထပ်ရှိတာ။ Main ပေါက် (Reception နေရာ) မှာ Open type ဖွင့်ထားတာ။ အဲ့မှာ ဆလပ် (Slab) ပြား ၃ ခုကို အဲ့ Reception ပေါက်နေရာကို ၃ ထပ် ထပ်သွားတာ။ အဲ့အရှေ့ဘ က်နေရာမှာ။ နောက်ဘက်ကတော့ မြေညီထပ်ထိ ဝင်လို့ရတယ်။ ကယ်တဲ့သူတွေကလည်း ဆလပ်ပြားတွေအောက် ပိတ်မိနေတဲ့သူတွေ၊ နံရံတွေပိပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ခဲ့ပါတယ်။ ကယ်တဲ့နေရာမှာလည်း ဆလပ်တွေအောက်ထဲမှာ ခက်ခက်ခဲခဲနဲ့ လူတစ်ကိုယ်စာလောက်နှိုက်ပြီး ကယ်ထုတ်ခဲ့ရတာ” လို့ ပျော်ဘွယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်အပြီး ပျော်ဘွယ်မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကမ္ဘောဇဘဏ်အဆောက်အအုံနေရာကို နေ့လည် ၂ နာရီဝန်းကျင်မှာ ရောက်ရှိခဲ့ကြပါတယ်။ ပြိုကျသွားတဲ့ အဆောက်အအုံထဲကနေ ဘဏ်ဝန်ထမ်း ၁၀ ဦးနဲ့ Customer ၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တာလို့ သိရပါတယ်။
“ရောက်တဲ့အချိန် အဲ့မှာရှိတဲ့သူတစ်ယောက်က ကမ္ဘောဇဘဏ်နောက်ပေါက်ကနေ ဝင်လို့ရတယ်ဆို သေချာလိုက်ပြပေးပါတယ်။ အထဲရောက်တဲ့အချိန် ကျွန်တော်တို့ အခြေအနေတွေကို သေချာ ကြည့်ပါ တယ်။ ပြီးတော့ ဘဏ်တာဝန်ရှိသူတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေခွဲပြီး လုပ်ပါတယ်။ ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေလည်းပါပါတယ်။ ပြီးတော့ အသံကြားရတဲ့နေရာတွေ၊ သူတို့ကို ကယ်ပါဦးဆိုပြီး အကူအညီတောင်းတဲ့နေရာတွေကို ကယ်လိုက်တာ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်ကနေ ည ၁၁ နာရီခွဲအထိကို အသက်ရှင်နေတဲ့ ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့ပါတယ်” လို့ မီးသတ်ဦးစီးဌာနမှူးကလည်း ပြောပါတယ်။
ပျော်ဘွယ်ကမ္ဘောဇဘဏ် ပြိုကျပိတ်မိနေမှုအတွင်း လွတ်မြောက်လာသူတစ်ဦးဖြစ်သူ ကိုသူရ ကျော်က သူ့အနေနဲ့ ပိတ်မိနေတဲ့နေရာက ပြန်လည်ထွက်လာနိုင်ချိန် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘဏ်မှာငွေထုတ်ချိန် သူနဲ့အတူပါလာတဲ့ ဦးလေးဖြစ်သူကတော့ ပိတ်မိနေမှုအတွင်း သေဆုံးခဲ့တယ်လို့ Burma VJ ကို ပြောပါတယ်။
ဘဏ်ပြိုကျပိတ်မိနေမှုအတွင်း လွတ်မြောက်လာသူ ကိုသူရကျော်က ကမ္ဘောဇဘဏ်ပြိုကျမှုအတွင်း ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ဆောင်မှု နှောင့်နှေးတာကြောင့် ပိတ်မိနေသူတွေ သေဆုံးမှုရှိခဲ့တာလို့ ပြောထားပေမဲ့ ပျော်ဘွယ်မီးသတ်ဌာနက ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ငလျင်လှုပ်ခတ်ချိန် ဘဏ်တံခါးပိတ်ထားခဲ့တာကြာင့် ပိတ်မိသေဆုံးခဲ့တာလို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပေမဲ့ ဒီအကြောင်းအရာက မမှန်ကန်ဘူးလို့ ဆိုပါတယ်။
“ဘဏ်တံခါးပိတ်ဖို့နေနေသာသာ ဝင်ပေါက်ထွက်ပေါက်နေရာကို ဆလပ်ပြား ၃ ပြားထပ်ပြီးကို ပြိုကျသွားတာ။ ကမ္ဘောဇဘဏ်ရှေ့ တင်းနစ်ကွင်းမှာရှိတဲ့သူတွေကို မေးကြည့်တော့လည်း အဲသလိုလုပ်တာ မတွေ့ရဘူးလို့ ပြောတယ်။ အဲသလိုပိတ်တာတော့ မဟုတ်ဘူး”လို့ မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ပျော်ဘွယ်ဘဏ်ခွဲမှ အဆောက်အဦးအတွင်း ပိတ်မိနေသူတွေကို အရေးပေါ်ကယ်ဆယ်နိုင်ဖို့နဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ ကူညီကယ်ဆယ်မှုတွေ မရပ်မနား ပြုလုပ်ခဲ့တယ်လို့ ကမ္ဘောဇဘဏ်က ထုတ်ပြန်တားပါသေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဘဏ်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနဲ့အပါအဝင် ပျော်ဘွယ်ကမ္ဘောဇဘဏ်မှာရှိတဲ့ ထိခိုက်သေဆုံး ဝန်ထမ်းအရေအတွက်ကို သိရှိနိုင်ဖို့ ကမ္ဘောဇဘဏ်ရုံးချုပ်ကို အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် ပျော်ဘွယ်မြို့နယ်မှာ သေဆုံးသူ ၂၀၀ ကျော်အထိရှိထားပြီး ပျော်ဘွယ်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ထုတ်နိုင်သူ ၄၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပျော်ဘွယ်မြို့ အခြားနေရာဒေသတွေမှာလည်း ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်နေတာလည်း ရှိနေတယ်လို့ သိရပါတယ်။
ပျော်ဘွယ်မီးသတ်ဌာနက ကယ်ဆယ်ရေးဝန်ထမ်း ၂၀၊ စင်ကာပူကယ်ဆယ်ရေးအဖွဲ့ ၁၅ ဦးအပါ အဝင် ရှာဖွေကယ်ဆယ်ရေးခွေးတွေအပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ငလျင်လှုပ်ပြီး ၃ ရက်မြောက်နေ့ မတ်လ ၃၀ ရက် ညနေ ၅ နာရီခွဲအထိ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာတော့ ပြန်လည်ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ဒီနေ့ ဧပြီ ၄ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်အထိရှိလာပြီး ရှာဖွေကယ်ဆယ်ရေးတွေကို အချို့ဒေသတွေမှာ ရပ်တန့်နေပြီး ပြန်လည်ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်နေပြီလို့ သိရပါတယ်။ ငလျင်ကြောင့် ပျောက်ဆုံးနေသူ ၇၀၀ ကျော်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားပါတယ်။
ခြောက်ထပ်တိုက်ပြိုကျမှုအောက်ကနေ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တဲ့ သုံးနှစ်ကလေးငယ်
မတ်လ ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ ခြောက်ထပ်အဆောက်အဦးပြိုကျပြီး သုံးနှစ်အရွယ်ကလေးငယ်နဲ့ အဒေါ်ဖြစ်သူတို့လည်း ပါဝင်သွားပါတယ်။
ပြိုကျအဆောက်အဦးအောက်မှာ ကလေးငယ်နဲ့အဒေါ်ဟာ ဘီဒိုနဲ့ပိမိနေတာကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ပြီး အဲ့ဒီ မတ်လ၂၈ရက် ညနေပိုင်းမှာပဲ နှစ်ဦးစလုံးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကယ်ထုတ်ခဲ့တဲ့ မဏီစလ လူမှု/နာမှုကူညီရေးအသင်းက Burma VJ ကိုပြောပါတယ်။
ငလျင်လှုပ်ခတ်တဲ့အချိန်မှာ ကလေးမိဘတွေကအပြင်ရောက်နေတာဖြစ်ပြီး ကယ်ဆယ်ချိန်မှာ ကလေးအဖေဖြစ်သူလည်း အနားမှာရှိနေခဲ့ပါတယ်။







Comments