top of page

ဧပြီ ၃ ရက်နေ့သတင်းများ

  • Writer: BVJ
    BVJ
  • Apr 18
  • 4 min read

ရက်ပေါင်း၂၀ကြာ အပစ်အခတ်ရပ်စဲကြောင်း KIO ထုတ်ပြန်

ree

အင်အားပြင်းငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲအခြေအနေကြောင့် မေလ၂ရက်နေ့က မေလ၂၂ရက် နေ့အထိ ရက်၂၀ကြာ အပစ်အခတ်ရပ်စဲ ရေးပြုလုပ်သွားမည်ဖြစ်ကြောင်း KIO ဗဟိုကော် မတီက သတင်းထုတ်ပြန်ပါတယ်။


အထက်ပါ KIO ရဲ့ထုတ်ပြန်ချက်ဟာ စစ်ကောင်စီက ရက်၂၀ကြာအပစ်အခတ်ရပ်စဲ‌ရေး လုပ်မယ် လို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နာရီပိုင်းအ ကြာမှာထွက်ပေါ် လာတာဖြစ်ပါ တယ်၊၊


ယာယီအပစ်အခတ်ရပ်စဲရေးကာလအတွင်း စစ်ကောင်စီတပ်စခန်းတွေကို မတိုက်ခိုက်ဖို့နဲ့ နယ်မြေချဲ့ထွင်တာမျိုး မလုပ်ဆောင်ဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက ထည့်သွင်ထားပါတယ်။ KIO ကလည်း မြန်မာ့တပ်မတော်ဘက်ကလည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။


မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီကို တော်လှန်နေတဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံတပ်ဖွဲ့တွေက အပစ်အခတ်ရပ်စဲကြောင်းကို ထုတ်ပြန်ထားပါသေးတယ်။


ငလျင်ဘေးကြုံတွေ့နေရချိန်အတွင်း မတ်လ ၂၈ ရက်ကနေ ဧပြီ ၂ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ နီးပါးလုပ်ဆောင်ခဲ့တာကြောင့် တစ်ပတ်အတွင်း အရပ်သားပြည်သူ ၆၀ ဦးနီးပါး သေဆုံးခဲ့ပါသေးတယ်။


 မတ်လ၃၀ရက်ညနေကလည်း ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၈) နယ်မြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သင်တန်းတက်ဖို့ရောက်နေတဲ့ လူငယ် ၃၈ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။



ငလျင် ခုနစ်ရက်မြောက်နေ့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေ


ပြီးခဲ့တဲ့လ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားကြီး ငလျင်ကြောင့် ပြိုကျသွားတဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villaကွန်ဒိုမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ တရုတ်နိုင်ငံက Blue Sky Rescue တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒီနေ့ ဧပြီ ၃ရက်နေ့မှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာမီးသတ်တပ်ဖွဲ့က အသိပေးပါတယ်။


ငလျင်စတင်လှုပ်ခတ်တဲ့ရက်ကနေ ဒီနေ့အထိ ခုနစ်ရက်မြောက်နေ့ရှိပြီဖြစ်ပေမယ့် မနေ့က ခြောက်ရက်မြောက်နေ့အထိ ပြိုကျအပျက်အစီးတွေအောက်ကနေ အသက်ရှင်နေသူ (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သေဆုံးနေတဲ့ရုပ်အလောင်းတွေကိုလည်း ရှာဖွေသယ်ထုတ်နိုင်ခဲ့ပါတယ်။



၂၁ ရက်အပစ်ရပ်စဲကြောင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ ဗန်းမော်၊ ဝိုင်းမော်နဲ့ ကသာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

Photo: Gunmaw Sumlut
Photo: Gunmaw Sumlut

ငလျင်ဘေးဒဏ်ကြောင့် အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီကထုတ်ပြန်ပြီးနာရီပိုင်းအကြာမှာပဲ ကချင်ပြည်နယ် ဗန်းမော်မြို့ ၊ ဝိုင်းမော်မြို့နဲ့ ကသာမြို့နယ်ဘက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။


ငလျင်ဘေးဒဏ်ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့အတွက် ရက်ပေါင်း ၂၀ ကြာ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီက မနေ့ ဧပြီ ၂ ရက် ညရှစ်နာရီမှာ တရားဝင်ကြေညာခဲ့ပေမဲ့ နာရီပိုင်းအကြာ ည ၁၂ နာရီဝန်းကျင်မှာပဲ ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာပါ။


“၂၄ နာရီမပြောနဲ့။ မနေ့ (ဧပြီ ၂ ရက်ညပိုင်း) က ညသန်းခေါင်မှာလည်း ဗန်းမော်ဘက်မှာ လေကြောင်းနဲ့တိုက်ခိုက်တာ တညလုံးလိုပါပဲ။ ဒီမနက် မိုးလင်းတာနဲ့ လေကြောင်းနဲ့ဗုံးကြဲတာတွေ ဆက်တိုက်ရှိပါတယ်။ နောက် ကသာမြို့နယ်ဘက် အင်းတော်ကြီးမှာလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက Burma VJကို ပြောပါတယ်။


ဒီနေ့ ဧပြီ ၃ ရက် မနက် ခုနှစ်နာရီဝန်းကျင်မှာလည်း ဝိုင်းမော်မြို့နယ် ဝူယန်ရွာနဲ့ လမြန်ရွာအနီးမှာ စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် KIA တပ်ဖွဲ့က ခုခံစစ်လုပ်ဆောင်ခဲ့ရတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။


ဝိုင်းမော်မြို့ လမြန်ကျေးရွာအနီးမှာ စစ်ကောင်စီ အမှတ် ၅၈ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီက ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်အပြီး နာရီပိုင်းအကြာမှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သလို စစ်ကောင်စီ အပစ်အခတ်ရပ်စဲမှု အပိုဒ် ၄ ပါအချက်ကို စစ်ကောင်စီအနေနဲ့ ကိုယ်တိုင်လိုက်နာဖို့ လိုတယ်လို့ KIO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီရဲ့ အပိုဒ်၄မှာ ယာယီအပစ်ရပ်ကာလအတွင်း အများပြည်သူသွားလာနေတဲ့ ဆက်သွယ်ရေးလမ်းတွေကို တိုက်ခိုက်နှောက်ယှက်ခြင်းမပြုဖို့၊ တပ်စခန်းတွေကို မတိုက်ခိုက်ဖို့၊ တပ်ဌာနချုပ်တွေကို မတိုက်ဖို့၊ အင်အားစုခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတွေ မပြုလုပ်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်နေတာပါ။

ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ KIA တို့ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံမှာကျင်းပမယ့် (၆) ကြိမ်မြောက် ဘင်းစတက် (BIMSTEC) အစည်းအဝေး တက်ရောက်ဖို့အတွက် စစ်ခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကိုဒီနေ့လာရောက်မှာဖြစ်ပြီး အဲ့ဒီမတိုင်ခင်မှာ ၂၁ရက်အပစ်ရပ်‌ကြောင်းကို ကြေညာခဲ့တာပါ။


ကားပစ္စည်းဆိုင်ပြိုကျမှုအတွင်း သမီးဖြစ်သူနဲ့ဆိုင်ဝန်ထမ်းတွေအပါအဝင် မိသားစုဝင် ရှစ်ဦး သေဆုံးခဲ့ရ


ree

မတ်လ ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်းမှာ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က ၆၃Bလမ်း-၆၄လမ်းကြား၊၁၃၄(သခင်ဖိုးလှကြီး)လမ်း စက်မှုဇုံ(၁)မှာရှိတဲ့ ဝင်းဝင်းကားပစ္စည်းဆိုင်လည်း အဆောက်အဦးပြိုကျမှုထဲ ပါဝင်သွားခဲ့ပါတယ်။


အဲ့ဒီပြိုကျမှုအတွင်းမှာ ဆိုင်ပိုင်ရှင်အမျိုးသမီး၊ (၁၅)နှစ်အရွယ် သမီးဖြစ်သူနဲ့ ဆိုင်ဝန်ထမ်းတွေအပါအဝင် မိသားစုဝင်(၉)ဦးတို့ ပါဝင်သွားပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ်နှစ်ဦးသာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


“ကျမနဲ့ ကျမwheelchair တွန်းပေးတဲ့ နှစ်ယောက်သာ ကယ်ဆယ်ရေးတွေကြိုးပမ်းမှုနဲ့ ဆယ်ထုတ်လို့ရခဲ့ပါတယ်။ သေဖို့ ကိုယ့်ကိုယ်သရဏဂုံတင်ပြီးပေမယ့် ပထမဆုံးကယ်ထုတ်ခံရတဲ့ ဘဝမှာ ငါ့ပိုင်ဆိုင်မှုတွေအစွဲ လုံးဝမရှိဘဲ သရဏဂုံတည်ဖို့ပဲသတိကပ်နေခဲ့တဲ့ ကျမ အခြားကလေးတွေ အားလုံးနဲ့ ပုံမှန်စကားပြောဆိုအားပေးနိုင်ခဲ့ပါတယ်။ကျမလက်ထဲ ငွေလွှဲဖို့ ပိုက်ဆံထုပ်က တွဲပါလာပါတယ်။ ပုံမှန်ဆို ၃/၅သောင်းတောင်မကိုင်ခဲ့ပေမယ့် သေဆုံးသွားတဲ့ သူတော်ကောင်းကလေးတွေကို လုပ်သင့်တာလုပ်ဖို့ပါလာတဲ့ အဲ့ဒီငွေတွေကြောင့် သေဆုံးသွားသူ ကျမသမီးအပါဝင် ၈ဦးလုံးကို သဂြိုလ်ခြင်း၊ သက်ပျောက်ဆွမ်းကပ်ခြင်း၊ ဆွမ်းသွပ်အမျှတမ်းပေးဝေခြင်း၊ ရက်လည်ကုသိုလ် အကြီးကျယ်လုပ်နိုင်ခြင်းဖြစ်ခဲ့ပါတယ်”လို့ ဝင်းဝင်းကားပစ္စည်းဆိုင်ရှင်က လွတ်မြောက်လာခဲ့တဲ့အခြေအနေကို လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။


အဆောက်အအုံပြိုကျမှုအတွင်း သေဆုံးသွားသူတွေဟာ သမီးဖြစ်သူနဲ့ ကိုသောင်းစိုး၊ ကိုစိုးသူ၊ ကိုကျော်ဇင်ဝင်း၊ ကိုသက်ထူးအောင်၊ ကိုအောင်ဖြိုးဟိန်း၊ ဒေါ် တင်ဝင်း၊ မသင်းဆွေတို့ဖြစ်တယ်လို့ ဝင်းဝင်းကားပစ္စည်းဆိုင်က သိရပါတယ်။


ဝင်းဝင်းကားပစ္စည်းဆိုင်ရှင်ဟာ ရင်ညွန့်အောက်ပိုင်းကနေစပြီး အောက်ပိုင်းသေနေတာ ခြောက်နှစ်နီးပါး ရှိပြီဖြစ်တယ်လို့လည်း လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။


“ကျမသမီးအသက်မှ လူ့အသက်မဟုတ်လို့ ဆိုင်ကအားလုံးအသက်ကိုကယ်ပေးဖို့ ကျမ အထပ်ထပ်တောင်းဆိုခဲ့ပါတယ်။အောက်ပိုင်းသေလူမမာ တစ်ယောက်မို့မကယ်ဘဲ ဆိုင်က ကလေးတွေပဲကယ်ပေးဖို့ အထပ်ထပ်ပြောခဲ့တာပါ။ သားသမီးဇော ပစ္စည်းဇောမကပ် သတိလေးကပ်ပြီး ကျမအနားက ကလေးတွေကို ၁နာရီလောက် အားပေးနှစ်သိမ့်နိုင်ခဲ့ပါတယ်။ အလုံးစုံတာဝန်မကျေပေမယ့် ဘဝကူးကောင်းမယ့် ထိတ်လန့်အော်ဟစ် ညည်းညူခြင်းနဲ့ အသက်မဆုံးရှုံးတဲ့ သူတော်ကောင်းလေးတွေ ဖြစ်ခဲ့ရပါတယ်”


မတ်လ ၂၈ရက်က ၇.၇ရစ်စချက်စတာစကေးရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ်တို့မှာ အဆောက်အဦးပြိုကျပျက်စီးမှုတွေ အများအပြားဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၀၀၃ယောက်ရှိပြီးဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြိုကျပျက်စီးမှုတွေအောက် ပိမိနေသူတွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။



ငလျင်ကြောင့် ပျောက်ဆုံးသူ ၃၄၁ ဦးရှိနေဆဲဖြစ်သော်လည်း ဂရိတ်ဝေါဟိုတယ်အတွင်း ရှာဖွေခွင့်မပေး


ree

ငလျင်လှုပ်ခတ်ပြီး ခုနစ်ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာ သေဆုံးသူ (၃၀၈၅)ဦး၊ ဒဏ်ရာရသူ (၄၇၁၅)ဦးနဲ့ ပျောက်ဆုံးနေသူ (၃၄၁)ဦးရှိလာပြီဖြစ်တယ်လို့ ဧပြီ၃ရက်နေ့ မနက် ရှစ်နာရီအချိန်အထိကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကောင်စီကထုတ်ပြန်ပါတယ်။


မတ်လ ၂၈ရက် နေ့လယ် ၁၂း၅၁မိနစ်ကျော်အချိန်က လှုပ်ခတ်ခဲ့တဲ့ ၇.၇ရှိအင်အားပြင်းငလျင်ကြောင့် အဆောက်အဦ၊ ကွန်ဒို၊ တိုက်ခန်း၊ဟိုတယ်၊ နေအိမ်တွေပြိုကျပြီး လူတွေပိတ်မိ၊ ပိမိမှုတွေအတွင်းမှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ ၃၄၁ဦးရှိနေတာဖြစ်ပါတယ်။


လက်ရှိမှာ ပြိုကျအဆောက်အအုံတွေအတွင်းက ပိတ်မိ၊ ပိမိနေသူတွေကို ရုရှား၊တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလိစ်ပိုင်စတဲ့နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြန်မာမီးသတ်တပ်ဖွဲ့၊ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ ပူးပေါင်းရှာဖွေနေကြဆဲဖြစ်ပါတယ်။


ဒါပေမယ့် ငလျင်ကြောင့်ပြိုကျခဲ့တဲ့ မန္တလေး၊ ဂရိတ်ဝေါဟိုတယ်တွင်းက ပိတ်မိနေသူတွေနဲ့ သေဆုံးရုပ်အလောင်းတွေကို ထုတ်ယူဖော်ယူခွင့်မပြုဘဲ ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့က ကန့်သတ်မှုတွေလုပ်ထားတာကြောင့် ရှာဖွေခွင့်ပေးဖို့ မိသားစုတွေက ‌တောင်းဆိုမှုတွေလုပ်နေကြရပါတယ်။


ဂရိတ်ဝေါဟိုတယ်ပြိုကျမှုအတွင်း သုံရက်မြောက်နေ့မှာမှ ကူညီကယ်ဆယ်ရေးစဝင်ပြီး တစ်ညနဲ့တမနက်ကယ်ဆယ်ရှာဖွေရေးလုပ်ပြီးချိန်မှာတော့ အသက်ရှင်သူမရှိတော့လို့နားပြီဆိုပြီး မိသားစုဝင်တွေကို ပြောခဲ့တယ်လို့သိရပါတယ်။


“သဘာဝဘေးကြောင့်တာဝန်မရှိဘူးဆိုရင်တောင် DB(ရုပ်အလောင်း)လေးရဖို့ ပူးပေါင်းပေးစေချင်တယ်။ သူတို့ဘက်ကကြိုးစားပေးရဲ့သားနဲ့မရတာဆိုရင် ညီမတို့အနေနဲ့က လက်ခံပေးလို့ရပါသေးတယ်။ ခုကလူလဲဆုံးရှုံး သူတို့အတွက်ဘာတခုမှပြန်မလုပ်ပေးနိုင်တဲ့ ခံစားချက်ကြီးနဲ့ဖြစ်နေကြလို့ပါ။ အထဲမှာရှိနေတဲ့သူတွေကလဲ ကိုယ့်မိသားစုတွေရဲ့အဖိုးတန်တွေမို့လို့ သက်မဲ့ပစ္စည်းတွေကို မငဲ့ကွက်ဘဲ ‌ဟိုတယ်အနေနဲ့ပူးပေါင်းပေးဖို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်”လို့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက် Facebookကနေတဆင့် တောင်းဆိုထားတာပါ။


ရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်နေတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ဂရိတ်ဝေါဟိုတယ်က အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ နှစ်ဦးနဲ့ သေဆုံးရုပ်အလောင်း နှစ် လောင်းကိုသာထုတ်ယူနိုင်သေးကြောင်း သိရပါတယ်။


ဒီနေ့မှာတော့ ဂရိတ်ဝေါဟိုတယ်အတွင်းပိတ်မိနေသူတွေကို ကယ်ဆယ်ပေးဖို့ အပြင်မှာကျန်နေတဲ့ မိသားစုဝင်တွေက ဟိုတယ်ရှေ့မှာငိုယိုတောင်းပန်နေကြတဲ့ ရုပ်သံဖိုင်ကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

မြန်မာရဲ့ ဓလေ့ထုံးတမ်းအရ သေဆုံးသူတွေကို ခုနှစ်ရက်မြောက်နေ့မှာ နာရေးရက်လည်ပြုလုပ်ပေးရတာဖြစ်ပြီး အခု ငလျင်ခုနှစ်ရက်မြောက်ရောက်တဲ့အထိ သေဆုံးမှု၊ ရှင်သန်မှုကို မသိရဘဲ ပျောက်ဆုံးနေသူတွေအတွက် မိသားစုဝင်တွေကဘာမှမလုပ်ပေးနိုင်သေးဘဲ ပူပန်သောကတွေဖြစ်နေကြရပါတယ်။


JCS စစ်ဆင်ရေးစတင်တဲ့ မတ်လအတွင်း ကာကင်းစခန်း (၅) ခုကို သိမ်းပိုက်နိုင်ခဲ့


ree

ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS)က ဦးစီးပြီး မတ်လ ၄ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်း (၅) ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ JCS က မနေ့ ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်က လွိုင်ကော်မြို့နဲ့ မိုးဗြဲမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတာကို ပြန်တိုက်ခိုက်ဖို့အတွက် မတ်လ ၄ ရက်နေ့ကနေ စတင်ပြီးတော့ JCS ကွပ်ကဲမှုနဲ့ စခန်းသိမ်းစစ်ဆင်ရေးတွေစတင်ခဲ့တာလို့ သိရပါတယ်။


မိုးဗြဲဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ကန့်သတ်နိုင်ဖို့အတွက် ဘောလခဲနဲ့ ဖားဆောင်းတို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို JCS က ဦးဆောင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်ဆင်ရေးစတင်ပြီး (၁) လအတွင်းမှာပဲ ဘောလခဲမြို့မှာရှိတဲ့ အမှိုက်ကျင်း၊ ကျောက်ခွဲစက်၊ ရေကျော်၊ ရေနီပေါက်၊ ဝမ်ပလန်း စတဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေကို သိမ်း ပိုက်နိုင်ခဲ့သလို ဖားဆောင်း၊ မီးသတ်တိုက်နဲ့ ရေဆိပ်စခန်းတွေကို ကန့်သတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


အဆိုပါကာကင်းစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀)ကျော်သေဆုံးပြီး အချို့ကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ (၄၀) နဲ့ ကျည်မျိုးစုံတို့ ရရှိခဲ့ကာ တော်လှန်ရေးရဲဘော်အ ချို့လည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မတ်လ (၂၈) ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်သူတွေအသက်အိုးအိမ်ဆုံးရှုံးခဲ့ရမှုအပေါ် မိသားစုတွေနဲ့အတူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


အခုလိုအခြေအနေမှာ စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်မှုကို မရပ်တန့်ဘဲ ဆက်လုပ်ခဲ့မယ်ဆို လျှင် ကရင်နီပြည်တပ်ပေါင်းစုံတပ်တွေက သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးကို ချိန်ညှိလုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီကိုလည်း တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ (JCS) မှာ ကရင်နီပြည်တပ်မတော် (KA) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံတပ်ဦး (KNPLF) ၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ KNPDP (ကယောနီ) ၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မတော် (DMO PDF) တို့ ပူးပေါင်းဖွဲ့စည်းထားပါတယ်။


ဂရိတ်ဝေါလ်ဟိုတယ်အတွင်း ပိတ်မိနေသူတွေကို မိသားစုဝင်တွေရဲ့တောင်းဆိုမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်မံရှာဖွေ


ဓာတ်ပုံ - စိတ္တသုခအရန် မီးသတ်တပ်ဖွဲ့
ဓာတ်ပုံ - စိတ္တသုခအရန် မီးသတ်တပ်ဖွဲ့

အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်းက ဂရိတ်ဝေါလ်ဟိုတယ် ပြိုကျမှုအတွင်း ပိတ်မိနေသူတွေကို ဆက်လက်ကယ်ဆယ်ပေးဖို့ အပြင်မှာကျန်နေတဲ့ မိသားစုဝင်တွေက တောင်းဆိုလာတာကြောင့် ဒီနေ့ ဧပြီ ၃ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့က ဝင်ရောက်ရှာဖွေမှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ဂရိတ်ဝေါလ်ဟိုတယ် အခန်းနံပါတ် ၄၁၀ မှာ ပိတ်မိသေဆုံးသူ ၂ ဦးရှိနိုင်ကြောင်း ကာယကံရှင်မိသားစုက အကူအညီတောင်းခံလာတာကြောင့် စိတ္တသုခလူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တွေက ဟိုတယ်အတွင်း ဝင်ရောက်ရှာဖွေမှု လုပ်ဆောင်ခဲ့တယ်လို့ စိတ္တသုခ အရန်မီးသတ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဟိုတယ်အတွင်း ကယ်ဆယ်ရေးမလုပ်ဆောင်မီ သက်ဆိုင်ရာကယ်ဆယ်ရေး တာဝန်ယူထားတဲ့အဖွဲ့အစည်းနဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တို့ထံ ခွင့်ပြုချက်တောင်းခံခဲ့ပြီး အခန်းနံပါတ် ၄၁၀ နဲ့ အထပ် ၈ ထပ်ရဲ့ အခန်းတိုင်းကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့လည်း ဆိုပါတယ်။


စိတ္တသုခ လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်ရောက်ရှာဖွေမှုအတွင်း သေဆုံးသူတွေနဲ့ ပိတ်မိနေသူတွေကို မတွေ့ရဘဲ အရေးကြီးစာရွက်စာတမ်းအချို့၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ်ပစ္စည်းနဲ့ ငွေကြေး၊ လက်ဝတ်လက်စားအချို့ကိုသာ တွေ့ရှိခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်နေတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ဂရိတ်ဝေါဟိုတယ်က အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ နှစ်ဦးနဲ့ သေဆုံးရုပ်အလောင်း နှစ် လောင်းကိုသာ ထုတ်ယူနိုင်တယ်လို့လည်းသိရပါတယ်။



ဖမ်းဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ရောက်ရှိ


Photo: The Reporters
Photo: The Reporters

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၆ ကြိမ်မြောက် ဘင်းစတက် (BIMSTEC) အစည်းအဝေးကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ဒီနေ့ ဧပြီ ၃ ရက် ညနေ ၃ နာရီ ၄၆ မိနစ်မှာ ရောက်ရှိလာပါတယ်။


ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ရောက်လာတဲ့ စစ်ခေါင်းဆောင်ကို ထိုင်းအစိုးရ အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က သွားရောက်ကြိုဆိုခဲ့တာလည်း ဖြစ်ပါတယ်။


မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းစတက်အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ၃၁၉ ဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမဲ့ ထိုင်းအစိုးရက လျစ်လျူရှုခဲ့တာလည်း ဖြစ်ပါတယ်။


ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ပါဝင်တဲ့ (၆) ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍပေါင်းစုံအစည်းအဝေး (BIMSTEC) ကို ဒီနေ့ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ ဘန်ကောက်မြို့မှာ ပြုလုပ်နေပြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဘင်းစတက်ခေါင်းဆောင်တွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံအသိအမှတ်ပြုသလိုဖြစ်နေတယ်လို့လည်း ဝေဖန်ခံထားရပါတယ်။


ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၂၃ ဦးကို တရားစွဲဆိုထားပြီး အာဂျင်တီးနား ဗျူနိုအေးရိစ်တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်ထားပါသေးတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) တရားရုံးရှေ့ Karim AA Khan ကလည်း ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်မှာ အဆိုတင်သွင်းထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page