အေအေတပ်တော်နဲ့အတူလက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်သွားမယ်လို့ NUG ပြော
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၂ ၊ ၂၀၂၄

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က သိမ်းယူနိုင်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
NUG အစိုးရရဲ့ ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်တစ်ခုလုံး စစ်အာဏာရှင်လက်အောက်ကနေ မကြာခင် လွတ်မြောက်တော့မယ်လို့ အပြည့်အဝယုံကြည်ကြောင်း ဖော်ပြထားပြီး မြန်မာပြည်သူတွေတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကို AA တပ်တော်နဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
နပခဌာနချုပ် သိမ်းယူမှုအပါအဝင် ရခိုင်ပြည်နယ်အတွင်း AA တပ်တော် ဦးဆောင်မှု၊ ရဲဘော်ရဲဘက်တွေရဲ့ အသက်၊ ခန္ဓာကိုယ် ပေးဆပ်စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ အာရက္ခ (ရခိုင်) ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နိုင်မှုနဲ့ စည်းလုံးညီညွတ်မှုတို့ကိုလည်း အလေးအမြတ်ဂုဏ်ပြုတယ်လို့ NUG က ပြောပါတယ်။
နပခဌာနချုပ်သိမ်းယူမှုအောင်ပွဲဟာ အာရက္ခ(ရခိုင်)ပြည်သူတွေရဲ့ အောင်ပွဲသာမက တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးစိတ်ဓာတ်ကို အမြင့်ဆုံးရောက်ရှိစေတယ်လို့လည်း NUG က ဆိုပါတယ်။ တစ်နှစ်အတွင်း တိုင်းစစ်ဌာနချုပ် ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူနိုင်မှုဟာ သမိုင်းဝင်အောင်ပွဲဖြစ်တယ်လို့လည်း NUG က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းယူနိုင်ခဲ့ချိန် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဂုဏ်ပြုဝမ်းမြောက်ကြောင်း ဩဂုတ် ၆ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသအားလုံး မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၂ မြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူထိန်းချုပ်ထားပြီး လက်ရှိ ဂွမြို့နယ်အတွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ ဂွမြို့နယ်က AA တပ်တော် အပြီးသတ်သိမ်းယူနိုင်ခဲ့ပါက စစ်ကောင်စီ လက်ရှိထိန်းချုပ်ထားတဲ့ စစ်တွေမြို့၊ ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့တို့သာ ကျန်တော့မှာဖြစ်ပါတယ်။







header.all-comments